ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး လိုသာ မားသီးယပ်စ်က ဖီဖာကနေ ကျင်းပပြုလုပ်ခဲ့တဲ့ The Best ဆုပေးပွဲမှာ ၂၀၂၃ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ မက်ဆီဟာ The Bestဆုနဲ့ မထိုက်တန်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ သူ့ရဲ့ ကလပ်တွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ အင်တာ မိုင်ယာမီ စတဲ့ အသင်းတွေနဲ့ ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပေမယ့် အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို သိမ်းပိုက် ရရှိခဲ့တဲ့ အချက်ကြောင့် ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။

Photo Credit: Standard

မက်ဆီက ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ၊ ပြင်သစ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ဟာလန်းနဲ့ မက်ဆီတို့က ရမှတ် ၄၈မှတ်ချင်း တူညီခဲ့ကြပေမယ့် အပိုစည်းမျဉ်းကြောင့် မက်ဆီဟာ ဟာလန်းကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘောလုံးပရိသတ် အများစုက မက်ဆီဟာ ဟာလန်းကို ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိသင့်တယ်လို့ ယူဆနေကြပေမယ့် လိုသာ မားသီးယပ်စ် အပါအဝင် လူတချို့ကတော့ မက်ဆီအစား ဟာလန်းကသာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရသင့်တယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit: Tribuna

လိုသာ မားသီးယပ်စ်က – “ဒီတကြိမ်မှာတော့ မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို မရသင့်ဘူးလို့ ထင်ပါတယ်။ သူက ပြီးခဲ့တဲ့ နှစ် ၂၀အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့လူပါ။ ဒါပေမယ့် သူက ၂၀၂၃ခုနှစ် အတွင်းမှာ ပီအက်စ်ဂျီနဲ့ရော ၊ အင်တာ မိုင်ယာမီနဲ့ပါ အဓိက ဆုဖလားတွေ မရခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လီယွန်နယ် မက်ဆီက ၂၀၂၃ခုနှစ် အတွင်းမှာ နိုင်ငံနဲ့ ကလပ်အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၈ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိခဲ့ပါတယ်။