တချိန်က အနောက်ဂျာမဏီကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိဖူးတဲ့ ဂျာမဏီ ဂန္တဝင် ကစားသမားကြီး လိုသာ မားသီးယပ်စ် ကတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့ကာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၃နှစ် စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေတဲ့ ကစားသမား တဦးပါ။

Photo Credit: Marca

ရိုနယ်ဒိုဟာ ဘောလုံးကစားသမား တဦး အတွက် နေဝင်ချိန်လို့ ပြောရမယ့် အသက်အရွယ်ကို ရောက်ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ ခြေစွမ်းပြနိုင်ဖို့ အခက်ခဲဆုံး လိဂ်တခုလို့ သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ချိန်မှာ အရင်ကလို ခြေစွမ်းကောင်းတွေ ထုတ်ပြဖို့ ခက်ခဲလိမ့်မယ်လို့ ဘောလုံးသုတေသီတွေရဲ့ သုံးသပ်မှုတွေကို ခံခဲ့ရပါတယ်။

ဒါပေမယ့် ရိုနယ်ဒိုကတော့ သူ့ရဲ့ ထုံးစံအတိုင်းပဲ ဝေဖန်မှုတွေကို ချေဖျက်ပြခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲနဲ့ ချန်ပီယံလိဂ် ၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ လိုသာ မားသီးယပ်စ်က ရိုနယ်ဒိုဟာ ဘယ်လိုလိဂ်မျိုးမှာမဆို ခြေစွမ်းပြနိုင်တဲ့ ကစားသမား တဦး ဖြစ်ကြောင်းနဲ့ ရိုနယ်ဒို တယောက် ဂျူဗင်တပ်အသင်းကနေ ထွက်ခွာခဲ့တာဟာ မှန်ကန်ခဲ့ကြောင်း ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မားသီးယပ်စ်က – “ကျွန်တော်ကတော့ ဒီအရွယ်မှာ လိဂ်ပြောင်းပြီး ကစားရဲတဲ့ ရိုနယ်ဒိုရဲ့ စိတ်ဓာတ်ကို သဘောကျပါတယ်။ ပြီးတော့ သူ ပြောင်းခဲ့တဲ့ လိဂ်ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်လေ။ ဒီလိုမျိုး အကောင်းဆုံးလိဂ်မှာ ကစားရင်း သူက သွင်းဂိုး ၄ဂိုး အထိ ရယူထားနိုင်ပါသေးတယ်။ သူက တကယ်ကို အကောင်းဆုံးပုံစံကို ပြသနေတာပါ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။