ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ မားသီးယပ်ကတော့ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ နွေဈေးကွက် အတွင်းမှာ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဆုံးရှုံးလိုက်ရရင် ချယ်လ်ဆီးကနေ ထွက်ခွာဖို့ တာစူနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ဆယ်စုနှစ် တစုနီးပါး ရပ်တည်နိုင်ခဲ့ပေမယ့် လာမယ့် နွေအပြောင်းအရွှေ့မှာတော့ ဘိုင်ယန်မြူးနစ် ကနေ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အသင်းကနေ ထွက်ခွာခွင့် ပေးဖို့လည်း ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

Photo Credit: EuroSports

လက်ရှိမှာတော့ ဘာစီလိုနာက လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီးကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် လီဝမ်ဒေါစကီးဘက်က ထွက်ခွာခွင့် ပေးဖို့သာ တောင်းဆိုနေတာကြောင့် ဘိုင်ယန်မြူးနစ်က လီဝမ်ဒေါစကီးကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ မဖြစ်မနေ ရောင်းချရဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ မားသီးယပ်ကတော့ ဘိုင်ယန်မြူးနစ်ဟာ လီဝမ်ဒေါစကီးကို အသင်းမှာ ဆက်ရှိနေအောင် အတင်းအကျပ် ဆွဲမထားသင့်ကြောင်းနဲ့ လီဝမ်ဒေါစကီးကို လက်လွှတ်လိုက်ရရင် လူကာကူကို ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: EuroSports

မားသီးယပ်က – “တကယ်လို့ သင့်တော်တဲ့ ဈေးနှုန်းတရပ်နဲ့သာ ရမယ် ဆိုရင် ကျွန်တော်က လူကာကူကို ဘိုင်ယန်မြူးနစ် အတွက် ခေါ်ချင်ပါတယ်။ လီဝမ်ဒေါစကီးနဲ့ ဂနာဘရီတို့ နှစ်ယောက်ရဲ့ နေရာအတွက် လူကာကူနဲ့ မာနေးတို့က သင့်တော်တဲ့ ကစားသမားတွေပါ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အကြံပေးစကား ပြောကြားသွားခဲ့တာပါ။

တဖက်မှာတော့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက နွေအပြောင်းအရွှေ့မှာ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ထားပြီး လူကာကူရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။