ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး လိုသာ မာသီးယပ်စ်ကတော့ သူ့ရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အနေနဲ့ ယခု နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ဗဟိုခံစစ်မှူး ဒီလစ်ကို မရရအောင် ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ကနေ မမျှော်လင့်ပဲ လှည့်ပြန်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို ကြီးမားတဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး လီဗာပူးရဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူနိုင်ခဲ့သလို ယခုတခါမှာလည်း ဂျူဗင်တပ်ရဲ့ ဗဟိုခံစစ်မှူး ဒီလစ်ကို ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေပြန်ပါတယ်။

Photo Credit: Sports Buzzer

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သလို အသင်းနဲ့လည်း စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးပေမယ့် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကို စွန့်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းစလုံးက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေပါတယ်။

ဘိုင်ယန်မြူးနစ်က ဓနအင်အား တောင့်တင်းတဲ့ ချယ်လ်ဆီးလောက် ဒီလစ်အတွက် ပြောင်းရွှေ့ကြေးကို မပေးချေနိုင်ပေမယ့် သူတို့အသင်းရဲ့ ဆုဖလား ရရှိမှု ၊ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မှုတို့နဲ့ ဒီလစ်ကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ထားပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး မားသီးယပ်စ်ကလည်း ဘိုင်ယန်မြူးနစ်ဟာ ဒီလစ်ကို မရရအောင် ခေါ်ယူသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

Photo Credit: Sports Buzzer

မားသီးယပ်စ်က – “ဒီလစ်က ဗန်ဒိုက်နဲ့ ကစားပုံဆင်တဲ့ ခံစစ်မှူးပါ။ သူက ဘိုင်ယန်မြူးနစ်မှာ လိုအပ်နေတဲ့ ခံစစ်ကြောင်းရဲ့ ခေါင်းဆောင်တာဝန်ကို အပြည့်အဝ ရယူနိုင်ပါတယ်။ သူက လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်သလို အသက်ကလည်း ၂၂နှစ်ပဲ ရှိသေးတာကြောင့် သူ့ကိုသာ ရလိုက်ရင် ဘိုင်ယန်မြူးနစ်က နောက်ထပ် နှစ်အနည်းငယ်လောက် ခံစစ်ပိုင်း အတွက် အားဖြည့်စရာ မလိုတော့ပါဘူး။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ကသာ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ရင် ဒါက စူပါအပြောင်းအရွှေ့ တခု ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဒီလစ်က ဘိုင်ယန်မြူးနစ် အတွက် အရမ်းကောင်းတဲ့ အားဖြည့်မှု တရပ် ဖြစ်ပါလိမ့်မယ်” လို့ တိုက်တွန်းသွားခဲ့တာပါ။