လီဗာပူး အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား တစ်ဦး ဖြစ်သူ ဂျိုးလ် မာတစ်ဟာ ဝက်စ်ဘရွန်း အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့တာကြောင့် နောက်သုံးပတ် အတွင်း ကစားမယ့် လီဗာပူး အသင်းတွေရဲ့ ပွဲစဉ်တွေ အားလုံးကို လွဲချော်သွားတော့မှာ ဖြစ်ကြောင်း အသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂျန် ကလော့ပ် က အတည်ပြု ပြောဆိုလိုက်ပါတယ်။ မာတစ်ဟာ ဝက်စဘရွန်း အသင်း နဲ့ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား ဖြစ်သူ စီမီအဂျေး နဲ့ ထိခိုက်မိ ခဲ့ပြီးတော့ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၆၀ အရောက်မှာ လူငယ် ခံစစ် ကစားသမား ရိုင်းစ် ဝီလီယံ နဲ့ လူစားလဲခဲ့ရပါတယ်။ အဆိုပါ ဒဏ်ရာကြောင့် မာတစ် အနေနဲ့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အသင်းအတွက် ပါဝင် မကစားပေးနိုင်ခဲ့ပါဘူး။

Photo Credit: Metro

အဆိုပါ အခြေအနေတွေက လီဗာပူး အသင်းအတွက် နောက်ထပ် နိုင်ပွဲပျောက်ဆုံးတဲ့ ပွဲစဉ်တစ်ပွဲကို ဦးတည်စေခဲ့ပြီးတော့ နှစ်သင်းလုံး သွင်းဂိုး တစ်ဂိုးမျှ မသွင်းယူနိုင်ခဲ့ပဲ သရေ ရလဒ်နဲ့သာ ပြီးဆုံးခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်ဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း လီဗာပူး အသင်း နဲ့ နယူးကာဆယ် အသင်းကြား ပထမဆုံးသော ဂိုးမသွင်းနိုင်တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူး အသင်း အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှုအရ အပြတ်အသတ် အသာစီး ရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက် ကန်သွင်းမှု အပိုင်းမှာရော ဂိုးပေါက်တည့်မတ် မှု အပိုင်းမှာရော သိသိသာသာ မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရပြီး ချန်ပီယံဘွဲ့ကာကွယ်ရာမှာ စိုးရိမ်စရာကောင်းလာတာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ နည်းပြကလော့ပ် က သူ့ရဲ့ ခံစစ် ကစားသမား ဖြစ်သူ မာတစ်ဟာ သုံးပတ်ခန့် အနားယူရတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

“ ဒီလို ဒဏ်ရာမျိုး နဲ့ ပုံမှန် အခြေအနေအရ ဆိုရင် သူ သုံးပတ် လောက်တော့ အနားယူရပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူး အသင်း အနေနဲ့ ဗာဂျယ် ဗန်ဒိုက် နဲ့ ဂျိုး ဂိုးမက်ဇ် တို့ နှစ်ဦးကို ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိ ဆုံးရှုံးခဲ့ရအပြီးမှာတော့ မာတစ် နဲ့ ဖာဘင်ဟို တို့နှစ်ဦး အတွဲအဖက်က အလုပ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မာတစ် အနေနဲ့ လီဗာပူး အသင်း ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဖြစ်ကြတဲ့ ဆောက်တမ်တန်နဲ့ ပွဲစဉ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ် တို့ကို လွဲချော်သွားရမှာ ဖြစ်သလို အက်စတွန်ဗီလာ နဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲကိုလည်း လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။ မာတစ် ဟာ ဒီရာသီမှာ ဘောလုံး ရှင်းထုတ်မှုပေါင်း ၁၉ ကြိမ်ပြုလုပ်ထားပြီးတော့ clean sheets ၃ ပွဲရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ မာတစ်ဟာ ဘောလုံးပေးပို့မှုပေါင်း ၁၈ ကြိမ်ကိုလည်း ပြုလုပ်ထားနိုင်ပါတယ်။ အဆိုပါ ပမာဏဟာ အခြားသော ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ နတ် ဖီးလစ်စ်(၂၁ ကြိမ်)၊ ဂိုးမက်ဇ်(၂၁ ကြိမ်) နဲ့ ဖာဘင်ဟို(၂၉ ကြိမ်) တို့ထက်တော့ နည်းနေသေးတာ ဖြစ်ပါတယ်။