MySport Myanmar

အသက် (၃၃)နှစ်အရွယ်မှာပဲ ကစားသမားဘဝကို တရားဝင် အဆုံးသတ်လိုက်တဲ့ မာတစ်

လီဗာပူးလ်အသင်းရဲ့ ကင်မရွန်း နောက်ခံကစားသမား ဂျိရယ်လ် မာတစ်ဟာ ဒီနွေမှာပဲ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ အသင်းသစ် ရှာဖွေခြင်း မရှိတော့ပဲ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကိုသာ တရားဝင် အဆုံးသတ်လိုက်ပါတော့တယ်။

အသက် (၃၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကင်မရွန်း နောက်ခံလူ မာတစ်ဟာ ကစားသမားဘဝအတွင်း ရှော်ကေးနဲ့ လီဗာပူးလ်အသင်းတွေမှာသာ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပြီးတော့ ကလပ်အသင်း ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၄၆၃)ပွဲအထိတောင် ပါဝင်ဖြစ်ခဲ့ပါတယ်။

Photo Credit : Football365

 

ရှော်ကေးမှာ ပိုကယ်ဖလားနဲ့ စူပါဖလားတွေ ပိုင်ဆိုင်ခဲ့တဲ့ မာတစ်က ၂၀၁၆မှာတော့ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး လီဗာပူးလ်နဲ့အတူ ဘောလုံးရာသီ (၈)ရာသီကြာအထိ ကျင်လည်ခဲ့သလို ဆုဖလား အောင်မြင်မှုတွေကိုလည်း အမြောက်အများ ရယူနိုင်ခဲ့ပါတယ်။ မာတစ်ဟာ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ဥရောပစူပါဖလား အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။

မာတစ်ဟာ လီဗာပူးလ်မှာ ပါဝင်ခဲ့စဉ်တုန်းက ကစားခွင့်ရချိန်တိုင်းမှာ အသင်းအတွက် အကျိုးပြုအောင် ကစားနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ် ကစားသမားဘဝအဖြစ် (၈)ရာသီအထိ ဖြတ်သန်းခဲ့ချိန်အတွင်း စုစုပေါင်း ဒဏ်ရာ (၁၆)ခုအထိတောင် မနည်းမနော ရရှိခဲ့ပါသေးတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုရင် ACL ဒဏ်ရာဆိုးကြီးကို ရသွားခဲ့တဲ့ မာတစ်ဟာ ရက်ပေါင်း (၂၀၀)ကျော် လီဗာပူးလ်အသင်းရဲ့ ပွဲပေါင်း (၃၇)ပွဲအထိတောင် လွဲချော်ခဲ့ရပြီး (၁၄)ပွဲလေးသာ ကစားနိုင်ခဲ့ပါတယ်။ ဒီလို ဒဏ်ရာ အခြေအနေတွေကြောင့်ပဲ မာတစ်က လီဗာပူးလ်နဲ့ လက်တွဲဖြုတ်ပြီး လပိုင်းအကြာမှာပဲ ကစားသမားဘဝကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

ကင်မရွန်းအတွက် ပွဲပေါင်း (၂၇)ပွဲအထိ ပါဝင်ကစားဖြစ်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာလည်း အိမ်ရှင် ဘရာဇီးလ်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်တဲ့ မာတစ်က နည်းပြသင်တန်းတွေ တက်ရောက်ပြီး နည်းပြတစ်ဦးအဖြစ်နဲ့ ဘောလုံးလောကထဲ ပြန်ဝင်လာဖွယ် ရှိနေပါတယ်။

Exit mobile version