အင်္ဂလန် ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ မနေ့ညက ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဥ်အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ နောက်တစ်ဆင့်မှာတော့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်း နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ထူးထူးခြားခြားပဲ မနှစ်တုန်းကလည်း ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြပြီးတော့ မန်စီးတီးအသင်းက နှစ်ကျော့ပေါင်း ရလဒ်နဲ့အတူ မန်ယူအသင်းကို ကျော်ဖြတ်ကာ ဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

အဆိုပါ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မန်ယူ အသင်းအတွက် သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဖြစ်သူ မာတစ် ဟာ ဒီတစ်ကြိမ်မှာတော့ မန်ယူအသင်း အနေနဲ့ မန်စီးတီးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း နဲ့ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းဟာ မနှစ်က ရာသီခြေစွမ်းထက် ဒီရာသီ ခြေစွမ်းက ပိုကောင်းတဲ့ အနေအထားမှာ ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။ မာတစ်ဟာ အဲဗာတန် အသင်း နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပွဲချိန်ပြည့် အကောင်းဆုံး ပါဝင် ကစားပေးခဲ့ပါတယ်။ မန်ယူ အသင်းဟာ အက်ဒီဆင် ကာဗာနီ နဲ့ အန်တိုနီ မာရှယ်လ် တို့ရဲ့ နောက်ကျ သွင်းဂိုးတွေနဲ့ အတူ အဲဗာတန် ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် နောက်‌ဆုံး လေးသင်းအဆင့်ကို ‌တက်ရောက်နိုင်တာဟာ ၁၆ ကြိမ်မြောက် ဖြစ်ပါတယ်။

Photo Credit: Metro

မန်ယူ ကွင်းလယ် ကစားသမား မာတစ် ဟာ မန်စီးတီး နဲ့ အခုတစ်ကြိမ် တွေ့ဆုံမှု အတွက် ယုံကြည်ချက် အပြည့်အဝ ရှိနေပြီးတော့ မနှစ်ကနဲ့ မတူတဲ့ ရလဒ်မျိုး ထွက်ပေါ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ “ ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ကျွန်တော်တို့ အနေနဲ့ အခွင့်အရေးတွေ ကို အကောင်းဆုံး အသုံးချနိုင်ပြီးတော့ အကောင်းဆုံး ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့် အထင်မှာတော့ အခုချိန်မှာ ကျွန်တော်တို့ရဲ့ အသင်းက ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေပြီးတော့ ပိုကောင်းတဲ့ အခိုက်အတန့်မှာ ရှိနေတယ်လို့ မြင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ကျွန်တော်တို့ အနေနဲ့ မနှစ်ကထက် ပိုကောင်းအောင် ကစားနိုင်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော် အဲ့ဒီ ပွဲစဉ်အတွက် ယုံကြည်ချက် အပြည့်အဝ ရှိနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ကာရာဘောင်းဖလား နောက်ဆုံး လေးသင့်အဆင့်မှာတော့ မန်ချက်စတာစီးတီး အသင်းနဲ့ မန်ချက်စတာယူနိုက်တက်၊ ဘရန့်ဖို့ အသင်း နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတို့ ကစားသွားမှာ ဖြစ်ပြီးတော့ ဗိုလ်လုပွဲစဉ်ကို ဘယ်အသင်းတွေ တက်ရောက်သွားမလဲဆိုတာကိုတော့ ဇန်နဝါရီ ၆ ရက်နေ့မှာ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။