ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား နီမန်ဂျာ မာတစ်ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း မရှိတော့ပေမယ့် ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို အရယူဖို့ ပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ ဆိုလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဆန်ချို ၊ ဗာရန်းတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ထင်ထားသလို ဖြစ်မလာခဲ့ပဲ ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန်နေရပါတယ်။

Photo Credit: Standard

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့သလို ၁၆သင်းအဆင့်မှာ စပိန်အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ယခုနှစ် ဘောလုံးရာသီရဲ့ အမြင့်မားဆုံး အောင်မြင်မှုဟာ ချန်ပီယံလိဂ်ဝင်ခွင့်သာ ဖြစ်ကြောင်း ဘောလုံးရေးရာ သုတေသီတွေက သုံးသပ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား မာတစ်ကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဦးစွာ ကြိုးစားသွားဖို့ ဆုံးဖြတ်ထားကာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာလည်း ဗိုလ်စွဲအောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit: Standard

မာတစ်က – “ကျွန်တော်တို့က ပထမဦးဆုံး အနေနဲ့ ဒီရာသီကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အဆုံးသတ်ချင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို အရယူပြီး ရာသီသိမ်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။