မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား မာတစ်ကတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲစဉ် အဖြစ် သဘောထားသွားပြီး ကစားသွားမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နေရာကို ရရှိနိုင်ပါတယ်လို့ ယုံကြည်စွာ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးတဲ့နောက် လက်ရှိရာသီမှာ ပြိုင်ပွဲစုံ (၁၅) ပွဲဆက် ရှုံးပွဲ မရှိသေးတာ ဖြစ်ပြီး ယနေ့ည (၈း၃၀) အချိန်မှာတော့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ယနေ့ည ကစားသွားမယ့် ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို အနိုင်ရရှိမယ် ဆိုရင် အဆင့် (၄) နေရာကို ယာယီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး တကယ်လို့ ချဲလ်ဆီးအသင်းက ဝက်ဖို့ဒ်အသင်းကို ရှုံးသွားမယ် ဆိုရင် အဆင့် (၄) နေရာကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့  ရမှတ် (၂) မှတ်အကွာ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး မန်ယူ ကွင်းလယ်လူ မာတစ်ကတော့ ယနေ့ည ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ  မန်ယူအသင်းအနေနဲ့ အဆင့် (၃) နေရာကို ရရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

မာတစ်က “ကျွန်တော်တို့ ကိုယ့်အပေါ်မှာပဲ အမှီခိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ကစားရမယ်။ အခြားအသင်းတွေ ရမှတ် ဆုံးရှုံးတာကို စောင့်ရမယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အဆင့် (၃) နေရာကို ရရှိနိုင်ပါတယ်။ တကယ်လို့ အဆင့် (၃) နေရာကိုသာ ရရှိနိုင်မယ် ဆိုရင် ဒီရာသီက ကျွန်တော်တို့အသင်းအတွက် သိပ်ကောင်းတဲ့ ရာသီ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အရမ်း၊ အရမ်း ယုံကြည်မှု ရှိပါတယ်။ အသင်းကလည်း လက်ရှိအချိန်မှာ အင်မတန်ကို ကောင်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အတွက် ပွဲစဉ်တိုင်းက ဗိုလ်လုပွဲစဉ် ဖြစ်နေပါတယ်။ အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ် ဒါမှမဟုတ် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ် ဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော်တို့အတွက် ပွဲစဉ်တိုင်းက ဗိုလ်လုပွဲစဉ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုတွေးရပါမယ်။ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့ ကြိုးစားရပါမယ်”လို့ ပြောခဲ့ပါတယ်။