MySport Myanmar

ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့မယ်ဆိုရင် လက်မှတ်ထိုးကြေး ပေါင်(၁၀)သန်း ရရှနိုင်မယ့် မာတစ်

ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဆာဘီယား ဝါရင့်ကွင်းလယ်ကစားသမားကြီး နီမန်ဂျာမာတစ်ကို စီးရီးအေ ကလပ်အသင်းတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ အပါအဝင် ဖြစ်နေတဲ့ ဂျုဗင်တပ်စ်အသင်းက သူတို့အသင်းဆီ မာတစ် ပြောင်းရွှေ့လာဖို့ ကမ်းလှမ်းမှုတစ်ခုကို စတင်လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

Photo Credit : United in Focus

အသက်(၃၃)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်လူ မာတစ်ဟာ လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာ သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရပြီဖြစ်ပြီး အသင်းနဲ့လည်း ဆက်လက်သက်တမ်းမတိုးတော့တာကြောင့် နွေစျေးကွက်ဖွင့်ချိန်မှာ အသင်းကနေ အလွတ်ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ ၂၀၁ရခုနှစ်ကမှ ချယ်လ်ဆီးကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ မာတစ်ဟာ ယူနိုက်တက်နဲ့အတူ (၅)ရာသီကြာအထိ ဖြတ်သန်းခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ (၁၈၉)ပွဲ ကစားပေးထားနိုင်ခဲ့ကာ (၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The Transfer Tavern

မာတစ်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်နဲ့ လမ်းခွဲတော့မယ့် တရားဝင် ထုတ်ပြန်ထားခဲ့သလို ဒီရာသီရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာလည်း ပရိသတ်တွေကို အသေအချာ နှုတ်ဆက်သွားခဲ့ပါတယ်။ လာမယ့်နွေမှာ သေချာပေါက် free agent ကစားသမား ဖြစ်လာတော့မယ့် မာတစ်ကို သူရဲ့ဆရာဟောင်း မော်ရင်ဟိုက သူကိုင်တွယ်နေတဲ့ ရိုးမားအသင်းဆီ ခေါ်ဆောင်ပြီး ဆရာတပည့်နှစ်ဦး (၃)ကြိမ်မြောက်အဖြစ် လက်တွဲသွားချင်နေသလို ဂျုဗင်တပ်စ်အသင်းကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းကို တောင့်တင်းလာစေဖို့အတွက် မာတစ်လို ကစားသမားမျိုးကို ခေါ်ယူအားဖြည့်ချင်နေပါတယ်။ ရိုးမားနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြားမှာ ဘဏ္ဍာရေးပိုင်းအပြင် လာမယ့်ရာသီမှာ ဂျုဗင်တပ်စ်က ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အခြေအနေပါ ကွာခြားနေတာဖြစ်လို့ မာတစ်အနေနဲ့ သူ့အတွက် အသင်းသစ် ရွေးချယ်တဲ့အခါ ဂျုဗီကို ပိုမိုဦးစားပေးလာနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဂျုဗင်တပ်စ်အသင်းက မာတစ်ကို တစ်ပတ်လုပ်ခ ပေါင်(၉၀၀၀၀)အထိ ပေးချေသွားဖို့ ရှိနေသလို အသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ကနဦးအနေနဲ့ လက်မှတ်ထိုးကြေးအဖြစ် ပေါင်(၁၀)သန်းအထိပါ ပေးချေသွားဖို့ ရှိနေတာကြောင့် မာတစ်အနေနဲ့ ရိုးမားထက် ဂျုဗီကို ရွေးချယ်သွားဖို့ ဖြစ်နိုင်ခြေ များနေရပါတယ်။

Exit mobile version