ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ နီမန်ဂျာ မာတစ်ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ်လို့ ယမန်နေ့ညမှာပဲ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဆားဘီးယား ကွင်းလယ်ခံစစ် ကစားသမား မာတစ်ဟာ ၂၀၁၇ခုနှစ်မှာ ချယ်လ်ဆီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်ရှိနေပါသေးတယ်။

Photo Credit: Metro

မာတစ်ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိကာစမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အသက်အရွယ်ကြောင့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး အသင်းရဲ့ စတုတ္ထ ဦးစားပေး ကွင်းလယ်လူ အဖြစ်သာ ကစားခွင့် ရနေသူပါ။

ဒါကြောင့်လည်း မာတစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ရရှိခဲ့တာတောင်မှ အသင်းနဲ့ စာချုပ်သစ် မချုပ်ပဲ အသင်းသစ် ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ မာတစ်တို့ရဲ့ စာချုပ်က ၂၀၂၃ခုနှစ် ၊ ဇွန်လရောက်မှသာ ကုန်ဆုံးဖို့ ရှိနေပေမယ့် မာတစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံကာ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုခဲ့တာကြောင့် မာတစ်အနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိခဲ့တာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲတော့မယ့် အကြောင်းကို မာတစ်က – “အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးတဲ့နောက် ကျွန်တော့်အတွက် ဒီရာသီက မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးရာသီပဲလို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခွင့် ရခဲ့တာက ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ တခုပါပဲ။ ပြီးတော့ ကျွန်တော်တို့တွေ ဒီရာသီကို အကောင်းဆုံး ပုံစံနဲ့ အဆုံးသတ်နိုင်‌အောင် အသင်းဖော်တွေကို ကူညီသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ အီတလီ စီးရီးအေ နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ရိုးမား ၊ အေစီမီလန်နဲ့ လာဇီယိုတို့က မာတစ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြပါတယ်။