MySport Myanmar

မန်ချက်စတာကို ကျောခိုင်းသွားတော့မယ့် မာတစ် ဆရာဟောင်း ဂျိုဆေးနဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိ

ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် ဆာဘီးယား ဝါရင့် ကွင်းလယ်ကစားသမားကြီး နီမန်ဂျာမာတစ်ဟာ နွေစျေးကွက်အတွင်း သူရဲ့ ဆရာသမားဟောင်းဖြစ်သူ နည်းပြကြီး ဂျိုဆေးမော်ရင်ဟိုရဲ့ ရိုးမားအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၃)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်ကစားသမားကြီး မာတစ်က ၂၀၁ရခုနှစ်ကတည်းက ချယ်လ်ဆီးကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပြိုင်ပွဲစုံ (၁၈၅)ပွဲထိ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒီနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲ ပါဝင်ကစားထားနိုင်ပြီး အဲ့ဒီပွဲတွေထဲမှ (၁၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရတဲ့ မာတစ်က အသင်းမှာ ပုံမှန်နေရာရဖို့လည်း မလွယ်ကူတော့တာကြောင့် ဒီရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း ဧပြီ(၁၅)ရက်နေ့က ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Football London

ဘောလုံးအတွေ့အကြုံကောင်းတွေ ကြွယ်ဝသူဖြစ်တဲ့ မာတစ်ဟာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ချိန်မှာ နောက်ထပ် အသင်းသစ် တစ်သင်းအဖြစ် ရိုးမားအသင်းကို ပြောင်းရွှေ့ဖွယ် ရှိလို့နေပြီး ရိုးမားမှာ သူရဲ့ဆရာသမားဟောင်း နည်းပြမော်ရင်ဟိုနဲ့ ပြန်လည်ပူးပေါင်းသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။ နည်းပြမော်ရင်ဟိုဟာ မာတစ်နဲ့ ချယ်လ်ဆီး ယူနိုက်တက်အသင်းတို့မှာ အတူလက်တွဲခဲ့ဖူးတာဖြစ်ပြီး အခုလည်း ရိုးမားအသင်းဆီ ခေါ်ဆောင်သွားဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရိုးမားအသင်းဟာ မာတစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ တွေ့ဆုံဆွေးနွေးလျက် ရှိနေတယ်လို့ ဖော်ပြထားတာကြောင့် မာတစ်နဲ့ မော်ရင်ဟိုတို့ ဆရာတပည့်နှစ်ဦး ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေပြီးနောက် ရိုးမားအသင်းမှာပါ ထပ်မံမြင်တွေ့ရဖွယ် ရှိနေပါတယ်။ မာတစ် အပါအဝင် ပေါ့ဘာ မာတာ လင်ဂတ်တို့လို ကွင်းလယ်ကစားသမားတွေကို လက်လွတ်သွားရဖွယ် ရှိနေရတဲ့ ယူနိုက်တက်အသင်းက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကွင်းလယ်လူသစ် နှစ်ဦးခန့်လောက် ခေါ်ယူသွားဖို့ ပြင်ဆင်ထားပြီး နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်ကတော့ အဲဗာတန်အသင်းဆီ အငှားချထားတဲ့ ဗန်ဒယ်ဘိခ်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖွယ် ရှိနေပါတယ်။

Exit mobile version