ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဝါရင့်ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ နီမင်ဂျာမာတစ်ဟာ ဘောလုံး လောကရဲ့ ဖြေရှင်းရအခက်ခဲဆုံး ပုစ္ဆာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရိုနယ်ဒိုတို့ နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ်မက်ဆီနဲ့ ပေါ်တူဂီလက်ရွေးစင် စီရိုနယ်ဒိုတို့ဟာ သူတို့ကစားကြတဲ့ နိုင်ငံအသင်းတွေမှာ အသင်းခေါင်းဆောင်တွေ ဖြစ်ကြသလို နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ ကလပ် အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်တာကြောင့် ဘယ်သူက ပိုကောင်းလဲဆိုတာနဲ့ ဘာ့ကြောင့် ပိုကောင်းသလဲဆိုတာကို သေချာ ရှင်းပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မာတစ် ကတော့ အဆိုပါခက်ခဲတဲ့ မေးခွန်းကို လူတွေ အားလုံး လက်ခံနိုင်လောက်တဲ့ အဖြေမျိုး ပေးသွားခဲ့ပါတယ်။

Photo Credit: Standard.com

မက်ဆီနဲ့ရိုနယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းအပေါ် မာတစ်က နှစ်ဦးစလုံးဟာ မတူညီတဲ့ ပါရမီတွေရှိကြောင်းနဲ့ ရိုနယ်ဒိုက အလုပ် ကြိုးစားသူဖြစ်ပြီး မက်ဆီကတော့ ပါရမီပိုပါတဲ့ သူလို့ အမည်တပ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သားဖြစ်သူကတော့ ရိုနယ်ဒိုကို မက်ဆီထက် ပိုကောင်းတယ်လို့ ပြောပါလိမ့်မယ်ဆိုပြီး ဆိုသွားခဲ့ပါသေးတယ်။ သူ့ရဲ့သားဖြစ်သူက ရိုနယ်ဒိုကို ကြိုက်နှစ်သက်တဲ့ အကြောင်းကို မာတစ်က ” ကျွန်တော့်သားကို မက်ဆီနဲ့ ရိုနယ်ဒိုမှာ ဘယ်သူက ပိုကောင်းလဲလို့ သွားမေးရင် သူက ရိုနယ်ဒို လို့ပဲ ဖြေပါလိမ့်မယ်(ရယ်လျက်) ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Standard.com

ဆက်လက်ပြီး မက်ဆီနဲ့ရိုနယ်ဒိုမှာ ဘယ်သူ ပိုကောင်းလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ အမြင်ကို မာတစ်က ” ရိုနယ်ဒိုက ပါရမီရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ အကြီးမားဆုံး အရည်အသွေးတွေက ကြိုးစားခြင်းဆိုတဲ့ အရာကနေ ရလာတာပါ။ မက်ဆီကတော့ ပါရမီအရှိဆုံး ကစားသမားပဲ ဖြစ်ပါတယ်။ သူက အလုပ်မကြိုးစားဘူးလို့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် ရိုနယ်ဒိုက ကြိုးစားမှုအပိုင်းမှာ မက်ဆီထက် ပိုသာပြီး မက်ဆီက ပင်ကိုယ်ပါရမီမှာ ပိုသာတဲ့သူပါ။ ကျွန်တော့် အမြင်ကတော့ သူတို့နှစ်ဦးစလုံးဟာ တူညီတဲ့ အဆင့်တစ်ခုမှာ ရှိကြတဲ့သူတွေပါပဲ။ နှစ်ဦးစလုံးက ၁၅နှစ်လောက်ကြာအောင် သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို တသမတ်ထဲ ထိန်းထားနိုင်တဲ့သူတွေလေ။ ကစားသမား တစ်ဦးက ခြေစွမ်းကောင်းတွေကို နှစ်ပေါင်းများစွာ ထိန်းထားဖို့ဆိုတာ တကယ်ကို မလွယ်လှပါဘူး။ ပြီးတော့ ကျွန်တော့်အထင် သူတို့ဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေ တောင် ဖြစ်နိုင်ပါတယ် ” လို့ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။