MySport Myanmar

စပါးထက် ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတဲ့ မာသိစ် တဲလ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး မာသိစ် တဲလ်ဟာ သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့ပါ သဘောတူညီမှု ရရှိထားတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ထက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ပွဲ(၄၀)လောက်အထိ ကစားခွင့် ရခဲ့ပေမယ့် ဒီရာသီ နည်းပြကွန်ပနီလက်ထက် (၁၄)ပွဲသာ ကစားထားရသေးတဲ့ တဲလ်ဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ဘိုင်ယန်ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်တာကြောင့် သူ့ကို ကလပ်အသင်း များစွာက ကြိုးပမ်းလာကြပါတယ်။

Photo Credit : Bavarian Football Works

အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ပြင်သစ် ဆယ်ကျော်သက် တောင်ပံတိုက်စစ်ကစားသမား တဲလ်ဟာ ဒီရာသီမှာ ပွဲကစားခွင့် အကန့်အသတ်တွေ ရှိနေရပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ကျော်လွန်ကာ နေရာမရနိုင်သလို ဒီရာသီအတွင်းမှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးမှ မသွင်းယူထားနိုင်သေးပါဘူး။

ဒါပေမယ့် တိုက်စစ်ကစားသမား လိုအပ်နေတဲ့ ကလပ်အသင်းတွေက တဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အငှားခေါ်ယူမှုနဲ့ ကမ်းလှမ်းသွားချင်နေကြပါတယ်။ ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက်နဲ့ စပါးအသင်းတွေပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Caught Offside

ဒီရက်ပိုင်းမှာ စပါးအသင်းက တဲလ်ကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းထံ စုံစမ်းဆက်သွယ်လာခဲ့ပြီး တဲလ်အတွက်ကိုလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ကမ်းလှမ်းထားခဲ့ရာ ဒါကို ဘိုင်ယန်ဘက်က သဘောတူ လက်ခံထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကတော့ ဒီအပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်မချရသေးဘဲ ရှိနေပါတယ်။

တဲလ်ကတော့ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ထက် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ယူနိုက်တက်အသင်းဆီကိုသာ ရွေးချယ်သွားချင်နေပါတယ်။ ယူနိုက်တက်ကလည်း အသင်းရဲ့ တိုက်စစ်မှာ ဟွိုင်လန်းနဲ့ ဇာ့ခ်ဇီးတို့ကို အားမကိုးရတာကြောင့် ဒီဈေးကွက်ထဲ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူချင်နေပြီး တဲလ်ကိုလည်း အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Exit mobile version