MySport Myanmar

ပေါ့ဘာက အမ်ဘာပေကို ကျိန်စာတိုက်ခဲ့ကြောင်း ထုတ်ပြောလာတဲ့ ပေါ့ဘာရဲ့အစ်ကို

အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူ့ရဲ့ နိုင်ငံအသင်းဖော် ကိုင်လီယန် အမ်ဘာပေအား နတ်ဆရာတယောက်ရဲ့ အကူအညီနဲ့ ကျိန်စာတိုက်ခဲ့ကြောင်း ပေါလ် ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်စ် ပေါ့ဘာက လူသိရှင်ကြား ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါလ် ပေါ့ဘာနဲ့ မာသီးယပ်စ် ပေါ့ဘာတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ အငြင်းပွားမှုတွေဟာ ယနေ့မနက် အစောပိုင်းမှ စတင်ကာ ပေါက်ကြားလာခဲ့တာ ဖြစ်ပြီး ပေါလ် ပေါ့ဘာက သူ့ရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်စ် ပေါ့ဘာဟာ သူ့ကို ငွေညှစ်နေတဲ့ အဖွဲ့ထဲ ပါဝင်နေကြောင်း ရဲတပ်ဖွဲ့ဆီ တိုင်ကြားထားပါတယ်။

Photo Credit: Pulse Nigeria

ပေါလ် ပေါ့ဘာဆီကနေ ယူရို ၁၃သန်း တောင်းဆိုကာ ငွေညှစ်နေတဲ့ အဖွဲ့က ပေါ့ဘာဟာ နိုင်ငံလက်ရွေးစင် အသင်းဖော် တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေအား သဘောမကျတာကြောင့် အာဖရိက နတ်ဆရာ တဦးကို အသုံးပြုကာ အမ်ဘာပေအား ကျိန်စာတိုက်ခဲ့ကြောင်းနဲ့ အကယ်၍ အဆိုပါအကြောင်းအရာကို မဖွစေချင်ရင် သူတို့ တောင်းဆိုထားတဲ့ ငွေကြေးတွေ ပေးဖို့ ပေါ့ဘာအား အကျပ်ကိုင်ခဲ့ပြီး ပေါ့ဘာကတော့ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆန်ထားသလို သူ့ရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်စ် ပေါ့ဘာဟာ အဆိုပါအဖွဲ့ထဲ ပါဝင်နေတာကြောင့် ဖမ်းဆီး အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံ တောင်းဆိုခဲ့ပါတယ်။

ဒါကြောင့်ပဲ လက်ရှိမှာ ရဲတပ်ဖွဲ့တွေက မားသီးယပ်စ် ပေါ့ဘာကို အကျပ်ကိုင် ငွေညှစ်မှုနဲ့ စွဲချက်တင်ထားပြီး ဖမ်းဆီး အရေးယူဖို့ ကြိုးစားနေကာ မားသီးယပ်စ် ပေါ့ဘာကတော့ ညီဖြစ်သူ ပေါလ် ပေါ့ဘာရဲ့ တိုင်ကြားချက်ကြောင့် ရဲဖမ်းခံရမှာကို စိုးရိမ်ပြီး ရှောင်တိမ်းနေရပါတယ်။

Photo Credit: Pulse Nigeria

ယနေ့နေ့လယ်ပိုင်းမှာတော့ မားသီးယပ်စ် ပေါ့ဘာက သူ့ရဲ့ လူမှုကွန်ယက်အကောင့်တွေ ကနေ တဆင့် ပေါ့ဘာရဲ့ လူမသိတဲ့ အကြောင်းအရာတွေကို ထုတ်ဖော် ပြောကြားခဲ့ပြီး ပေါ့ဘာဟာ အမ်ဘာပေကို ကျိန်စာတိုက်ခဲ့သလို သူက ကျိန်စာတိုက်တဲ့ နတ်ဆရာကိုလည်း သိရှိကြောင်းနဲ့ ပေါ့ဘာဟာ လူလိမ်တဦး ဖြစ်ကာ သူ့ကို ထောင်ထဲ သွင်းချင်နေကြောင်း ပြောကြားခဲ့ပါတယ်။

မာသီးယပ်စ် ပေါ့ဘာက – “အမ်ဘာပေ…။ ငါ့မှာ မင်းနဲ့ ပတ်သတ်ပြီး ဆိုးရွားတဲ့ ခံစားချက်တွေ မရှိဘူး။ ငါ့ရဲ့ စကားတွေက မင်း ကောင်းဖို့ အတွက်ပါပဲ။ ငါ ပြောသမျှ အားလုံးက အမှန်တွေပါ။ နတ်ဆရာက နာမည်ကြီးတဲ့ နတ်ဆရာ တယောက်ပဲ။ နတ်ဆရာက မွတ်စလင်နဲ့ အသိုင်းအဝိုင်းနဲ့ အတော်လေးကို ဆက်ဆံရေး ကောင်းတယ်။ မင်းရဲ့ ဘေးနားမှာ ပေါ့ဘာလို သစ္စာဖောက် တယောက်ကို မထားသင့်ဘူး။ လူတိုင်းက ဒီကိစ္စအကြောင်းကို ရှင်းရှင်းလင်းလင်း သိသွားကြရင် ဒီကမ္ဘာပေါ်မှာ ပေါ့ဘာလောက် ကောက်ကျစ်တဲ့လူ ၊ ပေါ့ဘာလောက် အစွဲကြီးတဲ့လူ ၊ ပေါ့ဘာလောက် သစ္စာမရှိတဲ့လူ မရှိဘူး ဆိုတာ သဘောပေါက်သွားလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version