ပေါ်တူဂီလူမျိုး ဘောလုံးသမားတွေကိုသာ ဦးစားပေး ခေါ်ယူလေ့ရှိတဲ့ ဝုလ်ဗ်အသင်းဟာ မကြာသေးခင်ကမှ ပေါ်တူဂီ ဘယ်တောင်ပံကစားသမား ဂွန်ဇာလိုဂယ်ဒက်စ်ကို ခေါ်ယူထားနိုင်ခဲ့သလို အခုလည်း နောက်ထပ် ပေါ်တူဂီ ကစားသမားတစ်ဦးဖြစ်တဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ မာသီးယက်စ်နူနက်စ်ကိုပါ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူသွားနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Image

Photo Credit : Twitter

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း အသင်းမှာ အင်္ဂလန် ကစားသမား အရေအတွက်ထက် ပေါ်တူဂီကစားသမား အရေအတွက်က ပိုများနေတဲ့ ဝုလ်ဗ်အသင်းဟာ လက်ရှိအသင်းမှာ ဂိုးသမားဂျိုဆေးဆာ အပါအဝင် မော်တင်ဟို နေးဗက်စ် ဆီင်္မီဒို ပိုဒန့်စ် နေတိုတို့လို ပေါ်တူဂီ ကစားသမားတွေ ရှိနေတဲ့အပြင် နောက်ထပ် ပေါ်တူဂီလက်ရွေးစင် left winger ဂယ်ဒက်စ်ကိုပါ ဗလင်စီယာအသင်းကနေ ခေါ်ယူထားခဲ့ပါသေးတယ်။ ဂယ်ဒက်စ်ကို ခေါ်ယူထားအပြီး ရက်ပိုင်းအကြာမှာပဲ ပေါ်တူဂီလက်ရွေးစင် ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့သလို ဒီကစားသမားကလည်း ဝုလ်ဗ်အသင်းဆီ ရောက်ရှိလာဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ဝုလ်ဗ်အသင်းဆီ ရောက်ရှိလာဖို့ နီးစပ်နေတဲ့ ပေါ်တူဂီ ကစားသမားကတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူ နူနက်စ်ပဲ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ ဘရာဇီးနွယ်ဖွား ကွင်းလယ်တိုက်စစ်ကစားသမား နူနက်စ်ဟာ ၂၀၁၉ခုနှစ်မှာပဲ အစ်စတိုရီယိုကနေ စပို့တင်းအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ ဘောလုံးရာသီ (၄)ရာသီ ဖြတ်သန်းထားပြီးတဲ့နောက် ပြိုင်ပွဲစုံ (၁၀၁)ပွဲအထိ ပါဝင်ထားနိုင်ခဲ့ပါတယ်။ တိုက်စစ်လိုက်ပါ ကစားရမှာ ထူးချွန်သူဖြစ်ပြီး ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ နူနက်စ်ဟာ စပို့တင်းအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်ကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတာဖြစ်လို့ သူ့ကို ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ဝုလ်ဗ်အသင်းက အခြားသော အသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ နူနက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်း+အပိုဆုကြေး ယူရို(၅)သန်းဆိုတဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကို စပို့တင်းဘက်ကရော နူနက်စ်ဘက်ကပါ သဘောတူညီသွားခဲ့တာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။