MySport Myanmar

ပြင်သစ် နဲ့ အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာ ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ ၂၀၂၂ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေထဲကမှ ပေါ်တူဂီနဲ့မော်ရိုကိုတို့ ပွဲစဉ်အကြောင်းကို ဖော်ပြသွားခဲ့ပြီးတာကြောင့် အခု နောက်ဆုံး ကွာတားဖိုင်နယ်ပွဲ ပရိသတ်တွေအားလုံး စိတ်ဝင်စားနေတဲ့ ပွဲကြီးပွဲကောင်းဖြစ်သော ပြင်သစ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Olympics

ဘာပေရဲ့ အကောင်းဆုံးသော ခြေစွမ်းပြမှု ဂျရူးရဲ့ စံချိန်တင် သွင်းဂိုးတွေ သွင်းယူနိုင်မှုတွေနဲ့ ပြင်သစ်ရဲ့ စွမ်းဆောင်ရည်တွေဟာ အားရစရာကောင်းနေသလို အသင်းသားတွေရဲ့ ယုံကြည်မှုဟာလည်း အမြင့်ဆုံးကို ရောက်ရှိနေပြီ ဖြစ်နေပါတယ်။ ဘာပေ ဒမ်ဘီလီတို့ရဲ့ တောင်ပံတိုက်စစ်တွေက အတော်လေး အလုပ်ဖြစ်နေရပြီး အသင်းရဲ့ အဓိကဝန်ရိုးတွေဖြစ်တဲ့ ပေါ့ဘာ ကန်တေတို့ မပါဝင်လာနိုင်ခြင်းဟာတောင် အသင်းအတွက် အားလျော့စရာ ဖြစ်မသွားခဲ့ပါဘူး။ ဒါ့အပြင် ကလပ်အသင်းမှာ ပုံမှန်ကစားခွင့် မရှိတဲ့ ဂရစ်ဇ်မန်းတောင် လက်ရွေးစင်အသင်းမှာ အရမ်းကောင်းလို့နေပါတယ်။ လက်ရှိ ပြင်သစ်မှာ ဘာပေက အဓိက ကစားသမားတစ်ဦးလို့ ယူဆနိုင်ပေမယ့် တကယ်တမ်းကျတော့ ဂရစ်ဇ်မန်းကိုတောင် ပြင်သစ်ရဲ့ key player လို့တောင် သတ်မှတ်နိုင်ပါတယ်။

Photo Credit : Draftings Nation

ပြီးခဲ့တဲ့ နေးရှင်းစ်လိဂ်မှာ ရုပ်ပျက်ဆင်းပျက် အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပြီး အခုဆိုရင်လည်း ကွာတားဖိုင်နယ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ရင်ဆိုင်ရတော့မယ့် ပြင်သစ်က အင်္ဂလန်အတွက် လုံးဝကို အစမ်းသပ်ခံရမယ့် အသင်းဖြစ်နေသလို အသင်းနှစ်သင်းကြား favor ပေးမှုမှာမှာလည်း ပြင်သစ်က အင်္ဂလန်ထက် သာလွန်နေပါတယ်။ လက်ရှိ အင်္ဂလန်မှာက အသင်းခေါင်းဆောင် ကိန်း သွင်းဂိုး(၁)ဂိုးသာ ရထားတယ်ဆိုပေမယ့် တခြားကစားသမားတွေက ဂိုးတွေ သွင်းယူထားနိုင်သလို ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ဟာလည်း မျှော်လင့်ထားတာထက်ကို ပိုမို တောက်ပလို့နေပါတယ်။ (၄)ပွဲ (၉)ဂိုး သွင်းယူထားပြီး ခံစစ်ကလည်း အီရန်နဲ့ပွဲမှာ ခွင့်ပြုပေးထားရတဲ့ (၂)ဂိုးသာ ရှိထားတယ်ဆိုပေမယ့် အခု သူတို့ ရင်ဆိုင်ရမယ့် ပြင်သစ်အသင်းရဲ့ ဘာပေ ဂရစ်ဇ်မန်း ဒမ်ဘီလီ ဂျရူးတို့ တိုက်စစ်ကို ကြံ့ကြံ့ခိုင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : talkSPORT

ဒီအသင်းနှစ်သင်းမှာ ဘယ်အသင်းက ဆီမီးကို တတ်လှမ်းနိုင်မလဲဆိုရင် နှစ်သင်းလုံးမှာ ဆတူ အခွင့်အရေးမျိုး ရှိနေတယ်လို့ ဆိုနိုင်သလို တစ်သင်းတည်းကိုပဲ ရွေးချယ်ရမယ်ဆိုရင်တော့ အနည်းငယ် ပိုသာလွန်နေတဲ့ ပြင်သစ်ကို ပိုသဘောကျမိပါတယ်။ ဒါပေမယ့် အင်္ဂလန်ရဲ့ ကစားအားကိုလည်း စောင့်ကြည့်သွားချင်ပါတယ်။ နှစ်ဖက်သွင်းဂိုးတွေ မြင်တွေ့ရလိမ့်မယ်လို့ ထင်ရသလို ပြင်သစ်တို့ အင်္ဂလန်ကို ကျော်ဖြတ်သွားလိမ့်မယ်လို့ ထင်မိပါတယ်။

Exit mobile version