MySport Myanmar

ဥရုဂွေး နဲ့ ဂါနာအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာတော့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်ပွဲစဉ်အားလုံးကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီညမှာ အုပ်စု(G)နဲ့အုပ်စု(H)တို့ရဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဒီထဲကမှ ည(၉)နာရီခွဲအချိန်မှာ ကျင်းပမယ့် အုပ်စု(H)က ဥရုဂွေးအသင်းနဲ့ ဂါနာအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုုသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : India Express

ဥရုဂွေးကတော့ တောင်ကိုရီးယားကို ဂိုးမရှိသရေ ပေါ်တူဂီကို (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားရင်း (၁)မှတ်ပဲ ရရှိထားသလို သွင်းဂိုးလည်း တစ်ဂိုးမှမရသေးတဲ့အထိကို အခြေအနေဆိုးနေပါတယ်။ အုပ်စု(H)မှာ ဥရုဂွေးရယ် တောင်ကိုရီးယားရယ်က (၁)မှတ်ရထားသေးပြီး အခု ဥရုဂွေးနဲ့ ရင်ဆိုင်ရမယ့် ဂါနာကတော့ တောင်ကိုရီးယားကို နိုင်ထားလို့ (၃)မှတ် ပိုင်ဆိုင်နေတာဖြစ်လို့ ဥရုဂွေးတို့ ရှုံးထွက်ကို တတ်လှမ်းဖို့အတွက်ဆိုရင် ဂါနာကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပါမယ်။

Photo Credit : Mint

ဂါနာကတော့ ပေါ်တူဂီကို အကြိတ်အနယ် ကစားရင်းနဲ့ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း တောင်ကိုရီးယားကို အနိုင်ရထားလို့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးကို သရေကစားနိုင်မယ်ဆိုရင်တောင် ရှုံးထွက်ကို တတ်နေပါပြီ။ ဂါနာက ကမ္ဘာ့ဖလားကို ဆင်နွဲနေတဲ့ အာဖရိကအသင်းတွေထဲမှာ ကစားအားကောင်းလှသလို လုံးဝ လျှော့တွက်မရတဲ့ အသင်းဖြစ်လို့ ဥရုဂွေးအတွက် နောက်ထပ် ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

Photo Credit : Depor

ဥရုဂွေးက ဒီအုပ်စုထဲမှာ ခံစစ်ကစားပုံ အကျစ်လစ်ဆုံး အမာကြောဆုံး အသင်းဖြစ်နေပေမယ့် တိုက်စစ်မှာကလည်း ဂိုးတစ်ဂိုးရဖို့တောင် ရုန်းကန်နေရတဲ့ အသင်းမျိုး ဖြစ်နေရပါတယ်။ ဂါနာကလည်း ခံစစ်ပိုင်း သိပ်ပြီး အားမကောင်းလှပေမယ့် တိုက်စစ်ပိုင်းက ထက်မြက်နေပြီး နောက်တစ်ဆင့်တတ်သွားတဲ့ ပေါ်တူဂီအသင်းနဲ့အတူ သွင်းဂိုးအရေအတွက်ချင်းပါ တူညီနေပါတယ်။ ဒီနှစ်သင်း တွေ့ဆုံတဲ့ ပွဲစဉ်က တကယ့်ကို ဖျော်ဖြေမှုပေးနိုင်မှာ ဖြစ်သလို ၂၀၁၀တုန်းက ဂါနာနဲ့ ဆွာရက်ဇ်တို့ မကြေပွဲကိုလည်း အသေအချာ ရှုစားရပါလိမ့်မယ်။ အကြိတ်အနယ် ကစားရင်းနဲ့ သရေရလဒ်ကိုပဲ ဦးတည်သွားနိုင်ပါလိမ့်မယ်။

Exit mobile version