၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ(၂၀)ရက်နေ့ကနေ စတင် ကျင်းပလာခဲ့ရာ အခုဆိုရင်တော့ အုပ်စုပွဲစဉ်တွေ အားလုံး အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ရှုံးထွက်(၁၆)အဆင့်ပွဲစဉ်တွေကို ဒီနေ့မှာပဲ ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ စတင် ယှဉ်ပြိုင်မယ့် ရှုံးထွက်ပွဲစဉ်တွေထဲကမှ နယ်သာလန်အသင်းနဲ့ အမေရိကန်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Cody Gakpo celebrates scoring for Netherlands against Qatar at the World Cup on November 29, 2022.

Photo Credit : Sports Mole

အုပ်စု(A)မှာ နိုင်ပွဲ(၂)ပွဲ သရေပွဲ(၁)ပွဲ ရမှတ်(၇)မှတ် အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက်ကို တတ်လှမ်းလာခဲ့တဲ့ နယ်သာလန်အသင်းက ဂက်ပိုရဲ့ တောက်ပမှုတွေနဲ့အတူ အုပ်စုအတွင်းမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နယ်သာလန်မှာ အားအနည်းဆုံး ဖြစ်နေရတာက တိုက်စစ်ပိုင်းပါ။ တိုက်စစ်က ဂိုး(၅)ဂိုး ရထားခဲ့ရာ အဲ့ဒီထဲက (၃)ဂိုးကို ဂက်ပိုတစ်ဦးတည်းက သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တခြားဂိုးတွေကိုတော့ ဒီဂျောင်နဲ့ ကာလာဆန်တို့က သွင်းယူထားခဲ့တာပါ။ အုပ်စုတွင်း(၃)ပွဲမှာ နယ်သာလန်ရဲ့ ဂိုးပေါက်တည့်မှု အကြိမ်ရေက (၈)ကြိမ်သာ ရှိထားခဲ့တာနဲ့ တိုက်စစ်မှာ ဂက်ပိုတစ်ဦးတည်းသာ ဂိုးရထားတာတွေက သတိထားစရာ ဖြစ်နေပါတယ်။

Christian Pulisic of the U.S. scores their first goal on November 29, 2022

Photo Credit : Sports Mole

အုပ်စု(B)က အမေရိကန်ကတော့ အင်္ဂလန်နဲ့ဝေးလ်စ်ကို သရေ အီရန်ကို အနိုင်ယူပြီး ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်ကို တတ်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ရှုံးထွက်မှာတော့ သူတို့ထက် အင်အားကြီးတဲ့ နယ်သာလန်နဲ့ တွေ့ဆုံနေပါတယ်။ ဒါပေမယ့် အမေရိကန်ဟာ လုံးဝကို လျှော့တွက်သင့်တဲ့ အသင်းမဟုတ်ကြောင်း အင်္ဂလန်နဲ့ပွဲမှာ သက်သေပြထားခဲ့ပြီး ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပေမယ့် အမေရိကန်က အဲ့ဒီပွဲအတွင်း အင်္ဂလန်ကိုပါ ပိုမိုဖိအားပေးထားနိုင်ခဲ့ပါတယ်။ အုပ်စုတွင်း ပင်နယ်တီကနေ ခွင့်ပြုထားရတဲ့ ပေးဂိုး(၁)ဂိုးသာ ရှိထားခဲ့တာဟာလည်း အားရစရာ အနေအထားမှာ ရှိနေပါတယ်။

Photo Credit : Sporting News

ဒီအသင်းနှစ်သင်းက ခြေစမ်းပွဲတွေကလွဲရင် အခုလို အဓိကပြိုင်ပွဲတွေအတွင်း တစ်ကြိမ်မှ မဆုံတွေ့ထားဖူးပဲ အခုမှသာ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ထားတာ ဖြစ်ပါတယ်။ ကစားသမားအင်အားအရတော့ နယ်သာလန်က ပိုမို တောင့်တင်းတယ်ဆိုပေမယ့် အမေရိကန်ရဲ့ အုပ်စုပွဲစဉ်တွေ ကစားသွားတဲ့ပုံအရဆိုရင် အမေရိကန်ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲနိုင်ပါတယ်။ အမေရိကန်ဟာ နောက်ဆုံး ရှုံးထွက်(၂)ကြိမ်မှာလည်း မိနစ်(၉၀)အတွင်း မရှုံးအောင် ကစားနိုင်ခဲ့ဖူးတဲ့ အစဉ်အလာတွေအတိုင်း အခုပွဲမှာလည်း နယ်သာလန်ကို အခက်တွေ့စေမှာ သေချာပါတယ်။ ဒီပွဲမှာလည်း မိနစ်(၉၀)အတွင်း အနိုင်အရှံး ပေါ်နိုင်ဖွယ် မရှိပဲ ဂိုးလည်းနည်းနိုင်ပါတယ်။ နောက်တစ်ဆင့်ကိုတော့ နယ်သာလန်ပဲ တတ်လှမ်းသွားနိုင်မယ်လို့ ထင်မိပါတယ်။