MySport Myanmar

အင်္ဂလန် နဲ့ အမေရိကန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) ပထမညရဲ့ နောက်ဆုံးသော ပွဲစဉ်ဖြစ်သော မနက်(၁)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် အင်္ဂလန်အသင်းနဲ့ အမေရိကန်အသင်းတို့ ပွဲစဉ်အတွက် အကြိုရင်ခုန်သံတွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

နာမည်ကြီး အင်္ဂလန်အသင်းကတော့ အဖွင့်ပွဲမှာ အီရန်အသင်းကို (6-2) ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရထားခဲ့ပြီး အကောင်းဆုံးသော ရလဒ်မျိုးကို ဖော်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အီရန်နဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုးကို ဖန်တီးထားနိုင်ခဲ့တဲ့ ဟာရီကိန်းက ဒဏ်ရာရသွားခဲ့ပေမယ့်လည်း အမေရိကန်နဲ့ပွဲအတွက် အချိန်မီ fit ဖြစ်လာခဲ့တာကြောင့် အင်္ဂလန်အတွက် အားရစရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အင်္ဂလန်ရဲ့ တိုက်စစ်အစုအဖွဲ့ဟာလည်း အားကောင်းလို့နေပေမယ့် အီရန်နဲ့ပွဲမှာ တာရေမီရဲ့ ဂိုးတွေကို ပြန်လည် ခွင့်ပြုထားရတဲ့ အင်္ဂလန်ခံစစ်က အမေရိကန်ရဲ့ တိုက်စစ်ကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

Photo Credit : Sports Mole

အမေရိကန်ကတော့ ဝေးလ်စ်ကို သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းအတွင်း အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားချလိုက်ရင်းကနေ ဦးဆောင်ထားပြီးမှ တစ်ဂိုးစီ သရေကျသွားခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်မှာက ပူလီဆစ် မက်ကန်နီ တိုင်လာအဒမ်စ် ဆာဂျီညိုဒက်စ်တို့လို ကစားသမားကောင်းတွေ ရှိနေသလို ကစားသမား အများစုဟာလည်း ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားတွေ ဖြစ်နေလို့ အင်္ဂလန်ရဲ့ ကစားဟန်အထာနဲ့ ရင်းနှီးနေကြဖွယ်လည်း ရှိနိုင်ပါတယ်။

Photo Credit : The Sun

အင်္ဂလန်နဲ့ အမေရိကန်တို့ဟာ ၂၀၁၀ကမ္ဘာ့ဖလားတုန်းက ဆုံတွေ့ထားခဲ့ဖူးပြီး တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အင်္ဂလန်က အမေရိကန်ထက် အစစအရာရာမှာ သာလွန်နေသလို ဒီပွဲကို နိုင်လိုက်တာနဲ့တင် နောက်တစ်ဆင့်တတ်သွားနိုင်ပြီဖြစ်လို့ အနိုင်ရလဒ်ကို ရယူနိုင်ဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ကလည်း ထပ်ပြီး နိုင်ပွဲပျောက်လို့ မဖြစ်တော့တဲ့အတွက် အင်္ဂလန်ကို အကောင်းဆုံး ယှဉ်ကစားဖို့ ပြင်ဆင်ထားပါလိမ့်မယ်။ ဒီပွဲက ဒီနေ့ည ပွဲစဉ်တွေထဲကမှ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာနေပြီး အကြိတ်အနယ် ကစားကြရင်း အင်္ဂလန်တို့ အနိုင်ရသွားပါလိမ့်မယ်။

Exit mobile version