MySport Myanmar

အာဂျင်တီးနား နဲ့ ပိုလန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို မနေ့ညကပဲ စတင် ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ဒုတိယနေ့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အုပ်စု(C)နဲ့အုပ်စု(D) ပွဲစဉ်တွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး မနက်(၁)နာရီခွဲအချိန် ပွဲစဉ်တွေထဲကမှ အာဂျင်တီးနား နဲ့ ပိုလန်အသင်းတို့ ပွဲစဉ်အတွက် အကြိုသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : Mundo Albiceleste

ဆော်ဒီကို အမှတ်မထင် ရှုံးနိမ့်ခဲ့ရတဲ့ အာဂျင်တီးနားက မက္ကဆီကိုနဲ့ပွဲမှာ ပြန်လည် နိုင်ပွဲရခဲ့တဲ့အတွက် အုပ်စုတတ်ရေး မျှော်လင့်ချက်က ရှင်သန်လာခဲ့ရပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ အုပ်စုဗိုလ် ပိုလန်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေမှာ ဖော်ပြထားသလို မက္ကဆီကိုနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ခံစစ်မှူးမာတီနက်ဇ်သာ ဒီပွဲကို လွဲချော်ရမယ်ဆိုရင် အာဂျင်တီးနားအတွက် စိုးရိမ်စရာကောင်းပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ အသင်းကို အစွမ်းကုန် စွမ်းဆောင်ပေးနိုင်မှုကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီပွဲမှာ အာဂျင်တီးနားအနေနဲ့ သရေတစ်မှတ်ရရင် စိတ်ချရနိုင်တယ် ဆိုပေမယ့်လည်း ဆော်ဒီသာ အနိုင်ရသွားရင် အုပ်စုမှာပဲ ကျန်ခဲ့မှာဖြစ်လို့ ပိုလန်ကို အနိုင်ကစားဖို့သာ ပြင်ဆင်လာပါလိမ့်မယ်။

Photo Credit : Sportskeeda

မက္ကဆီကိုနဲ့ပွဲ ဂိုးမရှိသရေ ဆော်ဒီကို (၂)ဂိုးပြတ်နိုင်ထားပြီး လုံးဝ ပေးဂိုးမရှိသေးတဲ့ ပိုလန်က နှစ်ပွဲလုံးမှာ ဂိုးသမား ဆက်ဇနီရဲ့ လက်စွမ်းပြထားမှုတွေကြောင့် အုပ်စုဗိုလ်နေရာအထိ တတ်လှမ်းထားနိုင်တယ်ဆိုရင် မမှားပါဘူး။ လီဝန်ဒေါစကီးကလည်း ဆော်ဒီနဲ့ပွဲမှာ ကစားသမားဘဝရဲ့ ပထမဆုံးသော world cup သွင်းဂိုးကို စတင် ပိုင်ဆိုင်သွားခဲ့လို့ အခုပွဲမှာရော ဆက်လက် ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ပိုလန်က လက်ရှိမှာ (၄)မှတ်ရထားပြီး ဂိုးကွာခြားချက်မှာ (+2)ဖြစ်နေလို့ သရေကစားလိုက်မယ်ဆိုရင် နောက်တစ်ဆင့်ကို အေးအေးဆေးဆေး တတ်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမယ့် ပွဲကြီးပွဲကောင်း ပွဲစဉ်တစ်ပွဲဖြစ်ပြီး နှစ်ပွဲဆက်တိုက် ဂိုးမပေးထားရသေးတဲ့ ပိုလန်ဂိုးသမား ဆက်ဇနီလည်း မက်ဆီ မာတီနက်ဇ် ဒီမာရီယာတို့ရဲ့ ထိုးဖောက် ကန်သွင်းမှုတွေကို ဘယ်လောက် ကာကွယ်သွားနိုင်ဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ နှစ်သင်းလုံး အကြိတ်အနယ် ရေကုန်ရေခမ်း ကစားကြမှာတော့ လုံးဝ သေချာပါတယ်။ ဒါပေမယ့် မက္ကဆီကိုနဲ့ပွဲမှာတောင် အားရစရာ မရှိတဲ့ ကစားပုံမျိုးနဲ့ မဖြစ်ဖြစ်အောင် အနိုင်ကစားခဲ့တဲ့ အာဂျင်တီးနားက အခုပွဲလည်း ရလဒ်ကောင်းမယ်လို့ ထင်မိပါတယ်။

Exit mobile version