MySport Myanmar

အာဂျင်တီးနား နဲ့ သြစတြေးလျတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ(၂၀)ရက်နေ့ကနေ စတင် ကျင်းပလာခဲ့ရာ အခုဆိုရင်တော့ အုပ်စုပွဲစဉ်တွေ အားလုံး အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ရှုံးထွက်(၁၆)အဆင့်ပွဲစဉ်တွေကို ဒီနေ့မှာပဲ ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ စတင် ယှဉ်ပြိုင်မယ့် ရှုံးထွက်ပွဲစဉ်တွေထဲကမှ မနက်(၁)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် အာဂျင်တီးနားအသင်းနဲ့ သြစတြေးလျအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Postensi Badung

အုပ်စု(C)ရဲ့ အဖွင့်ပွဲမှာ ဆော်ဒီကို အမှတ်မထင် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း မက္ကဆီကို ပိုလန်တို့ကို ဆက်တိုက် အနိုင်ယူကာ အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက် တတ်လှမ်းထားခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ တကယ်တော့ ဒီပြိုင်ပွဲရဲ့ ဗိုလ်စွဲနိုင်ဖို့ပါ ရေပန်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အသင်းမှာလည်း မက်ဆီအပါအဝင် တကယ့်ကို ဒိတ်ဒိတ်ကြဲ ကစားသမားတွေ ပါဝင်နေသလို ၂၀၁၈ကမ္ဘာ့ဖလားတုန်းက (၁၆)သင်းအဆင့်နဲ့ ကျေနပ်ထားခဲ့ရတာကိုလည်း ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာ ချေဖျက်သွားဖို့ပါ ကြိုးစားလာနိုင်ပါတယ်။ အခုပွဲမှာ ဒီမာရီယာတစ်ဦးတည်းသာ ပေါင်ဒဏ်ရာကြောင့် ကစားနိုင်ဖို့ မသေချာသေးသလို တိုက်စစ်မှာလည်း မာတီနက်ဇ်ထက် အဲလ်ဗာရက်ဇ်ကို ကစားပေးခွင့် ဆက်ပေးလာနိုင်ပါတယ်။ အာဂျင်တီးနားဟာ အုပ်စုတွင်းမှာတော့ ဆော်ဒီနဲ့တစ်ပွဲသာ ပထမပိုင်းမှာ ဂိုးရရှိခဲ့ပြီး နောက်(၂)ပွဲမှာတော့ ပထမပိုင်း ဂိုးမသွင်းနိုင်ခဲ့ပဲ ဒုတိယပိုင်းမှာသာ ဂိုးတွေ ရယူနိုင်ခဲ့တာဟာ ထူးခြားချက်တစ်ခုပါ။

Photo Credit : Sports Mole

သြစတြေးလျဟာလည်း အာဂျင်တီးနားလို အုပ်စုအဖွင့်ပွဲမှာ ရလဒ်ဆိုးခဲ့ပြီးမှ လက်ကျန်(၂)ပွဲ ဆက်တိုက်အနိုင်ရရင်း ရှုံးထွက်ကို တတ်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ နာမည်ကြီး ကစားသမားတွေ မပါဝင်ပေမယ့် အသင်းလိုက် ကစားပုံ ကောင်းမွန်သလို ခံစစ်ကစားပုံ တည်ငြိမ်ပါတယ်။ ဒါပေမယ့် တိုက်စစ်အားကောင်းမောင်းသန်လှတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ အချိန်ကြာကြာ တောင့်ခံမထားနိုင်ဘူးဆိုတာ ပြင်သစ်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရမှာပါ။ ဒါကြောင့် အသင်းလိုက် ကစားအား ကောင်းမွန်ပြီး ခံစစ်ငြိမ်လှတဲ့ သြစတြေးလျတို့ မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနား တိုက်စစ်ကို ဘယ်လောက်အထိ တောင့်ခံထားနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်နေပါလိမ့်မယ်။

Photo Credit : Yahoo!

တကယ်တော့ ဒီပွဲဟာ အာဂျင်တီးနားတို့ အနိုင်သေချာမယ့် ပွဲစဉ်တစ်ပွဲဖြစ်ပြီး ဂိုးအနည်းနဲ့ အနိုင်ရမလား ဒါမှမဟုတ် ဂိုးပြတ်နဲ့ပဲ နိုင်သွားမလားဆိုတာကိုပဲ ကြည့်ရမှာပါ။ အခုလို ရှုံးထွက်အဆင့်မျိုးမှာ အာဂျင်တီးနားအနေနဲ့ လုံးဝ အမှားခံမှာတော့ မဟုတ်ပါဘူး။ အခု အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမယ့် သြစတြေးလျဟာ နောက်ဆုံးကစားထားခဲ့တဲ့ (၂)ပွဲဆက်တိုက်အထိ clean sheets ရထားခဲ့တယ် ဆိုပေမယ့်လည်း အာဂျင်တီးနားတိုက်စစ်ကိုတော့ ပွဲချိန်ပြည့် တောင့်ခံထားနိုင်ဖို့က မလွယ်နိုင်ပါဘူး။ အာဂျင်တီးနားကလည်း ရုရှားကမ္ဘာ့ဖလားကလို ရှုံးထွက်အဆင့်နဲ့ လှည့်ပြန်သွားရတဲ့ အခြေအနေမျိုး မဖြစ်ရအောင် သတိထားလာမှာဖြစ်လို့ (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားဖွယ် ရှိနေပါတယ်။

Exit mobile version