၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကိုတော့ ဒီကနေ့မှာပဲ စတင် ကျင်းပသွားပါတော့မယ်။ အုပ်စုနောက်ဆုံးပွဲစဉ် ပထမနေ့ရဲ့ ည(၉)နာရီခွဲအချိန်မှာတော့ အုပ်စု(A)နှစ်ပွဲလုံးကို တပြိုင်တည်း ကျင်းပစေမှာဖြစ်ပြီး အဲ့ဒီပွဲထဲကမှ ပြိုင်ပွဲကနေ နောက်တစ်ဆင့် တတ်လှမ်းနိုင်တော့မယ့် နယ်သာလန်အသင်းနဲ့ ပြိုင်ပွဲကနေ ထွက်ခွာသွားရပြီဖြစ်တဲ့ အိမ်ရှင်ကာတာအသင်းတို့ ပွဲစဉ်အတွက် ခန့်မှန်းပေးသွားချင်ပါတယ်။
Photo Credit : Sports Mole
နယ်သာလန်က ဆီနီဂေါကို အနိုင်ရပြီး အီကွေဒေါကို သရေကျခဲ့တဲ့ ပွဲစဉ်တွေအတွင်း နှစ်ပွဲပေါင်း ဂိုးပေါက်တည့်ကန်ချက်က (၃)ကြိမ်သာ ရှိခဲ့ရပါတယ်။ ဒါပေမယ့် အခု သူတို့ ရင်ဆိုင်ရမယ့် ကာတာအသင်းက နှစ်ပွဲကစား (၅)ဂိုးအထိ ခွင့်ပြုထားရတဲ့ အသင်းဖြစ်နေသလို နယ်သာလန် တိုက်စစ်ပိုင်းက ထိထိရောက်ရောက် မလုပ်ဆောင်န်ိုင်တောင်မှ ပွဲချိန်ပြည့်တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
Photo Credit : Sports Mole
ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခဲ့ပြီး ဆီနီဂေါနဲ့ပွဲမှာ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို ပိုင်ဆိုင်ခဲ့ရတဲ့ ကာတာအသင်းဟာ သူတို့အနေနဲ့ အုပ်စုတွင်း ပွဲအားလုံးကို အရေးနိမ့်ရဖို့က သေချာသလောက် ရှိနေရတဲ့ အခြေအနေဖြစ်လို့ ဒီပွဲကို စိတ်အေးလက်အေးနဲ့သာ ကစားလာနိုင်ပါတယ်။ ဒီပွဲမှာ ကာတာဆီက မျှော်လင့်နိုင်တာတစ်ခုက နယ်သာလန်အသင်းကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာပါ။
Photo Credit : Sporting News
နယ်သာလန်အနေနဲ့ အခုပွဲမှာ ကာတာကို အနိုင်ရလိုက်တာနဲ့ တစ်ဖက်ပွဲရလဒ်ကို ဘယ်လိုမှ ကြည့်စရာ မလိုတော့ပဲ ရှုံးထွက်(၁၆)သင်းအဆင့်ကို တတ်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ကာတာကို သွင်းဂိုး ခပ်များများနဲ့ နိုင်လ်ိုက်မယ်ဆိုရင် အုပ်စုပထမနေရာအတွက်ကလည်း သေချာသွားနိုင်ပါလိမ့်မယ်။ ဒါကြောင့် ပွဲချိန်အစောပိုင်းကတည်းက ဂိုးများများ သွားထားနိုင်အောင် ပြင်ဆင်လာဖို့ ရှိနေတဲ့အတွက် အနိမ့်ဆုံး (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားပါမယ်။