၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဒီကနေ့မှာပဲ ရှုံးထွက်(၁၆)သင်းအဆင့်ပြိုင်ပွဲတွေ အဆုံးသတ်မယ့်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အရှေ့က ရှုံးထွက်ပွဲ(၆)ပွဲအပြီးမှာ နယ်သာလန်-အာဂျင်တီးနား ပြင်သစ်-အင်္ဂလန် ခရိုအေးရှား-ဘရာဇီးလ်တို့ ဆုံတွေ့နေကြပြီး ဒီညမှာလည်း လက်ကျန် (၂)နေရာစာအတွက် အဆုံးအဖြတ်ပေးသွားမယ့် ပွဲစဉ်(၂)ပွဲကို ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ည(၉)နာရီအချိန်မှာ ယှဉ်ပြိုင်မယ့် စပိန်အသင်းနဲ့ မော်ရိုကိုအသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို အရင်ဆုံး ဖော်ပြသွားချင်ပါတယ်။

Spain forward Alvaro Morata celebrates scoring against Japan at the World Cup on December 1, 2022

Photo Credit : Sports Mole

ကော်စတာရီကာကို (၇)ဂိုးပြတ် ဂျာမနီကို (၁)ဂိုးစီသရေနဲ့ နောက်ဆုံးပွဲမှာ ဂျပန်ကို ရှုံးခဲ့တဲ့ စပိန်က အုပ်စုဒုတိယနေရာနဲ့သာ ရှုံးထွက်ကို ရောက်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားတုန်းကတော့ စပိန်ဟာ အခုလို အဆင့်မျိုးမှာပဲ အိမ်ရှင်ရုရှားကို ရှုံးနိမ့်ပြီးမှ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာထားခဲ့ရဖူးပါတယ်။ အဲ့ဒီနှစ်မှာပဲ စပိန်က တိုက်တိုက်ဆိုင်ဆိုင် မော်ရိုကိုနဲ့ပါ တစ်အုပ်စုတည်း ကျနေတာဖြစ်ပြီး စပိန်ရဲ့ နောက်ကျချေပဂိုးနဲ့ သရေကျခဲ့ပါတယ်။ စပိန်ဟာ ဂျပန်နဲ့ပွဲမှာ တိုက်စစ်ပိုင်း အပြောင်းအလဲတွေ လုပ်ဆောင်ထားခဲ့ပြီး အဆန်စီယို တောရက်စ်တို့ကို အနားပေးထားခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ အနည်းဆုံး တောရက်စ် ပြန်လည် ပါဝင်လာဖို့ ရှိနေသလို ယော်ဒီအယ်လ်ဘာ ကာဗာဟယ်တို့ကိုလည်း ပြန်လည် နေရာပေးလာနိုင်ပါတယ်။ ဂျပန်နဲ့ပွဲကလို ပုံစံမျိုး ထပ်မဖြစ်လာရအောင်လည်း အသေအချာလေး ဂရုစိုက် ပြင်ဆင်လာဖွယ်လည်း ရှိနေပါတယ်။

Morocco's Hakim Ziyech celebrates scoring their first goal with Azzedine Ounahi on December 1, 2022

Photo Credit : Sports Mole

မော်ရိုကိုကတော့ ဘယ်လ်ဂျီယံလို အသင်းမျိုးကို (၂)ဂိုးပြတ်နဲ့ နိုင်တယ်။ ခရိုအေးရှားကို ဂိုးမရှိသရေ ကစားတယ်။ ကနေဒါကို နိုင်တယ်။ အုပ်စုဗိုလ်နေရာနဲ့တင် ရှုံးထွက်ကို တတ်လှမ်းထားနိုင်တယ်။ ခံစစ်က ကျစ်လစ်ပြီး ကနေဒါနဲ့ပွဲမှာသာ (၁)ဂိုး ခွင့်ပြုထားရတယ်။ ခရိုအေးရှား ဘယ်လ်ဂျီယံတို့လို ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေမှာဆိုရင် ခံစစ်ကို အကျစ်လစ်ဆုံးပုံစံမျိုး ဖြစ်နေအောင် ပြင်ဆင်ပြီး တောင်ပံတွေကနေ ပြန်လည် ဖိအားပေးတတ်တဲ့ မော်ရိုကိုက အခု စပိန်နဲ့ပွဲမှာလည်း ဒီလိုပုံစံမျိုးသာ ကစားလာနိုင်ပါတယ်။ ဇီယက်ရှ် ဟာခီမီ မာဇယာအူယီ အန်နက်ဆီရီ ဆာအိ ဘူဖယ်လ်တို့လို တစ်ဦးကောင်း ကစားသမားတွေ ရှိနေတဲ့ မော်ရိုကိုဟာ အသင်းလိုက် ကစားပုံလည်း ကောင်းမွန်နေတာကြောင့် စပိန်ကို အခက်တွေ့လာနိုင်ပါတယ်။

Photo Credit : Sporting News

အာဖရိက ကိုယ်စားပြုအသင်းတွေထဲမှာ ဆီနီဂေါ မော်ရိုကိုတို့သာ ရှုံးထွက်အဆင့်ဆီ တတ်လှမ်းခဲ့ရတာဖြစ်ပြီး ဆီနီဂေါက အင်္ဂလန်ကို ရှုံးလို့ အိမ်ပြန်သွားရချိန်မှာ fan base တောင့်တင်းမှုရှိတဲ့ မော်ရိုကိုက ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းသွားနိုင်မလားဆိုတာ အရမ်း စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ စပိန်ကလည်း ပြီးခဲ့တဲ့တစ်ကြိမ်ကလို ရှုံးထွက်အဆင့်ကနေပဲ လှည့်ပြန်သွားရမျိုး ထပ်မဖြစ်ရအောင် သေချာ ကစားသွားမှာပါ။ မော်ရိုကိုက ခံစစ် အသားပေးတဲ့အသင်း စပိန်က စိတ်ရှည်ရှည်နဲ့ ထိန်းကစားတတ်တဲ့အသင်း ဒီလိုနှစ်သင်း တွေ့ဆုံမှုမှာ အပြန်အလှန် အမှားမခံ ကစားသွားရင်းနဲ့ သွင်းဂိုးတွေ မြင်တွေ့ရနိုင်ခြေ နည်းပါးနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား အတွေ့အကြုံပိုင်း ကစားသမားအင်အား သာလွန်တဲ့ စပိန်ကပဲ ကွာတားကို တတ်လှမ်းသွားမယ်လို့ ထင်မိပါတယ်။