၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဒီကနေ့မှာပဲ ရှုံးထွက်(၁၆)သင်းအဆင့်ပြိုင်ပွဲတွေ အဆုံးသတ်မယ့်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အရှေ့က ရှုံးထွက်ပွဲ(၆)ပွဲအပြီးမှာ နယ်သာလန်-အာဂျင်တီးနား ပြင်သစ်-အင်္ဂလန် ခရိုအေးရှား-ဘရာဇီးလ်တို့ ဆုံတွေ့နေကြပြီး ဒီညမှာလည်း လက်ကျန် (၂)နေရာစာအတွက် အဆုံးအဖြတ်ပေးသွားမယ့် ပွဲစဉ်(၂)ပွဲကို ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ မနက်(၁)နာရီအချိန်မှာ ယှဉ်ပြိုင်မယ့် ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို အရင်ဆုံး ဖော်ပြသွားချင်ပါတယ်။

Photo Credit : Livescore

ဂါနာ ဥရုဂွေးတို့ကို ဆက်တိုက်နိုင်ရင်း ရှုံးထွက်ကို တတ်လှမ်းသွားလို့ တောင်ကိုရီးယားနဲ့ပွဲမှာ ကစားသမား ချွေတာရင်းနဲ့ ရှုံးပွဲ တွေ့ထားခဲ့ရတဲ့ ပေါ်တူဂီဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် ထိပ်တန်းကစားသမားကောင်းတွေ များစွာကို ပိုင်ဆိုင်ထားတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ပွဲမှာလည်း ပေါ်တူဂီက အဓိက ကစားသမားများစွာ အနားပေးထားခဲ့တာကြောင့်လည်း အခု ဆွစ်နဲ့ပွဲအတွက် ဒီကစားသမားတွေက လန်းလန်းဆန်းဆန်း ရှိနေနိုင်ပါတယ်။ ဒါ့အပြင် ခံစစ် မာကြောလှတဲ့ ဥရုဂွေးလို အသင်းမျိုးနဲ့ ရင်ဆ်ိုင်ခဲ့ရချိန်မှာလည်း သွင်းဂိုး(၂)ဂိုးရအောင် ကစားထားနိုင်ခဲ့တဲ့ ပေါ်တူဂီဟာ ဆွစ်လို ခံစစ်ငြိမ်တဲ့ အသင်းမျိုးနဲ့ ဆုံရချိန်မှာလည်း ဒီခံစစ်ကို ဘယ်လို ထိုးဖောက်သွားနိုင်မလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။

Portugal vs Switzerland, World Cup 2022 last 16: Date, kick-off time and TV  channel

Photo Credit : The Telegrph

ဆွစ်ဇာလန်ကတော့ အုပ်စုတွင်းမှာ ဘရာဇီးလ်ကိုပဲ ရှုံးနိမ့်ခဲ့ပြီး ကင်မရွန်းနဲ့ ဆာဘီးယားတို့ကို အနိုင်ရခဲ့တယ်။ ဘရာဇီးလ်ကိုတော့ တစ်ဂိုးတည်းနဲ့သာ ကပ်ရှုံးခဲ့ပါတယ်။ ခံစစ် ကျစ်လစ်လှတဲ့ ဆွစ်ဟာ အသင်းလိုက် ကစားပုံလည်း ကောင်းမွန်လာပြီး နည်းပြရဲ့ နည်းဗျူဟာတွေကလည်း ပွဲတိုင်းမှာ အလုပ်ဖြစ်နေပါတယ်။ အခု သူတို့ ရင်ဆိုင်ရမယ့် အသင်းက ဥရောပမှာ မကြာခဏ ဆုံတွေ့ထားဖူးတဲ့ ပေါ်တူဂီအသင်း ဖြစ်နေပါတယ်။ အခုပွဲမှာ ဆွစ်ရဲ့ အဓိက ဂိုးသမား ဆွန်းမားက အဖျားဝေဒနာကြောင့် ပါဝင်ဖို့ မသေချာသေးတာက ဆွစ်အတွက် အနည်းငယ်လေး စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်။ သူ့နေရာမှာ ဒေါ့မွန်က ကိုဘယ်လ် ဝင်ကစားနိုင်ပေမယ့် ဆွန်းမားကတော့ လက်စွမ်း ပိုငြိမ်တာကြောင့်ပါ။ တခြားနေရာတွေမှာတော့ ဆွစ်ဟာ တစ်ဦးကောင်းထက် အသင်းလိုက် ကစားတတ်တာဖြစ်လို့ စုစုစည်းစည်းနဲ့ ရလဒ်ကောင်းအောင် ကစားတတ်ပါတယ်။

Photo Credit : Sky Sports

ဒီနှစ်သင်းက ပြီးခဲ့တဲ့ ဇွန်လမှာ ကစားသွားခဲ့တဲ့ နေးရှင်းလိစ်မှာ ဆုံတွေ့ထားခဲ့ဖူးပြီး အပြန်အလှန် အနိုင်ရထားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုက ကမ္ဘာ့ဖလားလည်းဖြစ် နောက်ပြီး ရှုံးထွက်အဆင့်ပါ ဖြစ်နေတဲ့အတွက် နေးရှင်းလိဂ်စ်က ရလဒ်တွေကို မေ့ထားလို့တောင် ရနေပါလိမ့်မယ်။ ဆွစ်အနေနဲ့ကတော့ အခုပွဲမှာ ခံစစ်ကို ပိုပြီး ကျစ်လစ်နေအောင် ကစားလာဖို့ ရှိနေပြီး ပေါ်တူဂီကလည်း ကိုရီးယားနဲ့ပွဲမှာ အနားပေးထားတဲ့ ဖာနန်ဒက်စ် ဘာနာဒို ဖေးလစ် ဒီယက်စ်တို့ ပါဝင်လာမှာမို့ strong squad ဖြစ်နေပါလိမ့်မယ်။ ပေါ်တူဂီခံစစ်က သိပ်ငြိမ်လွန်းလှတာ မဟုတ်ပေမယ့် တိုက်စစ်ကတော့ ကစားသမားမရွေး ဂိုးသွင်းတတ်တာဖြစ်လို့ ပေါ်တူဂီတိုက်စစ်နဲ့ ဆွစ်ခံစစ်တို့ အားပြိုင်ရမှာ အသေအချာပါပဲ။ အခုပွဲလည်း ဂိုးအနည်းဘက်ကို ဦးတည်နိုင်ပြီး ပေါ်တူဂီကိုပဲ ပိုကြိုက်မိပါတယ်။ ဆွစ်ရဲ့ ခံစစ် ကစားအားကောင်းပေမယ့်လည်း မိနစ်(၉၀)အတွင်းမှာပဲ အဖြေထွက်မယ်လို့ ထင်မိပါတယ်။