MySport Myanmar

အမေရိကန် နဲ့ အီရန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲကြိသုံးသပ်ချက်

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုတော့ ဒီကနေ့မှာပဲ စတင် ကျင်းပသွားပါတော့မယ်။ အုပ်စုနောက်ဆုံးပွဲစဉ် ပထမနေ့ရဲ့ မနက်(၁)နာရီခွဲအချိန်မှာတော့ အုပ်စု(B)နှစ်ပွဲလုံးကို တပြိုင်တည်း ကျင်းပစေမှာဖြစ်ပြီး အဲ့ဒီပွဲထဲကမှ နောက်တစ်ဆင့်တတ်ရေးအတွက် အကြိတ်အနယ် ကစားသွားကြမယ့် အမေရိကန်အသင်းနဲ့ အီရန်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

အမေရိကန်အသင်းကတော့ အုပ်စုတွင်းက home nation နိုင်ငံတွေဖြစ်တဲ့ ဝေးလ်နဲ့ အင်္ဂလန်တို့ကို သရေရအောင် ကစားသွားခဲ့ပြီး အင်္ဂလန်ကို ဂိုးမရှိသရေ ကစားခဲ့တဲ့ပွဲက သူတို့အသင်းရဲ့ စွမ်းဆောင်မှုကတော့ ပိုပြီးတော့ကို အထင်ကြီးလောက်စရာကောင်းပါတယ်။ နိုင်ပွဲမရသေးတဲ့ အမေရိကန်တို့ အီရန်နဲ့ ဆုံတွေ့ချိန်မှာ မဖြစ်မနေ အနိုင်ယူသွားရဖို့ လိုအပ်နေတဲ့အတွက် သေချာပေါက် အားထည့်ကစားလာမှာဖြစ်ပြီး ပူလီဆစ် ဝီယာ ဆားဂျန့်တို့ရဲ့ တိုက်စစ်အစုအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Sports Mole

အီရန်ကတော့ ဝေးလ်စ်နဲ့ပွဲမှာ နောက်ကျဂိုးတွေနဲ့ အနိုင်ရထားခဲ့လို့ (၃)မှတ် ပိုင်ဆိုင်ထားခဲ့ရတဲ့အတွက် အမေရိကန်နဲ့ပွဲမှာသာ သရေရအောင် ကစားနိုင်ခဲ့ရင်တော့ နောက်တစ်ဆင့်တတ်ဖို့ အခြေအနေကောင်းသွားပါပြီ။ ဒါပေမယ့် အမေရိကန်က ဝေးလ်စ်ထက် ပိုကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာ အင်္ဂလန်နဲ့ပွဲမှာ မြင်တွေ့ထားရတာမို့ ဒါကိုတော့ အီရန်ဘက်က သတိထားရဖို့ လိုအပ်ပါတယ်။ နောက်ပြီး တိုက်စစ်ပိုင်း ကောင်းသလောက် ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေတာကိုလည်း အီရန်တို့ ပြင်ဆင်ထားရပါလိမ့်မယ်။

Photo Credit : IGN

နိုင်ငံရေးကိစ္စတွေ ပတ်သတ်ပြီး ပဋိပက္ခတွေ ရှိထားခဲ့ဖူးတဲ့ နိုင်ငံနှစ်နိုင်ငံရဲ့ လက်ရွေးစင် ဘောလုံးအသင်းနှစ်သင်းက အခုလို ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် တနည်းအားဖြင့် အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်မှာ ထိပ်တိုက်ဆုံတွေ့နေတာက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ နှစ်သင်းလုံးကလည်း ၁၉၉၈ခုနှစ်တုန်းကပဲ တစ်ကြိမ်သာ တွေ့ဆုံထားခဲ့ရပြီး အီရန်က အနိုင်ရခဲ့ပါတယ်။ အခု ဆုံတွေ့မှုမှာလည်း အီရန်က သရေတစ်မှတ် ရရှိရုံနဲ့ နောက်တစ်ဆင့်တတ်ပြီ ဆိုပေမယ့်လည်း အမေရိကန်ကို ပိုသဘောကျမိတယ်။ အမေရိကန်တို့ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အီရန်ကို အနိုင်ရသွားလိမ့်မယ်လို့ ယူဆမိပါတယ်။

Exit mobile version