ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဝါရင့် စပိန် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဟွမ်မာတာ ကတော့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ဆော်ဒီအသင်း တစ်သင်းရဲ့ တစ်နှစ်လုပ်ခ ဒေါ်လာ ၂၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချကာ မန်ယူအသင်းမှာ ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။အသက် ၃၂နှစ် အရွယ် စပိန် ကွင်းလယ် တိုက်စစ် ကစားသမား မာတာဟာ မန်ယူအသင်းထံ ၂၀၁၄ခုနှစ်ကတည်းက ရောက်ရှိနေသူ တစ်ဦး ဖြစ်ကာ မကြာသေးမီကမှ အသင်းနဲ့ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို ထားတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Bleacher Report

မာတာဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်လို့ ရနိုင်တဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားပွဲစဉ် နှစ်ပွဲမှာ ပါဝင် ကစားထားကာ သွင်းဂိုး ၂ဂိုး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရ အမည်မဖော်လိုတဲ့ ဆော်ဒီကလပ် ဟာ မာတာကို တစ်နှစ်လုပ်ခ ပေါင် ၁၆သန်း ပေးချေမယ် ဆိုတဲ့ အချက်နဲ့ မာတာကို ကမ်းလှမ်း လာခဲ့ပြီး မာတာက သူတို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ချိန်မှာ တစ်နှစ်လုပ်ခ ပေါင် ၂၀သန်း အထိ ပေးမယ် လို့ တိုးမြှင့် ကမ်းလှမ်းခဲ့ပေမယ့် မာတာ ကတော့ မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် အဆိုပါ ကမ်းလှမ်းမှုကိုပါ ထပ်မံ ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Bleacher Report

လက်ရှိမှာတော့ မာတာရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဖခင်တို့ဟာ ဆော်ဒီအသင်းနဲ့ ဆွေးနွေးနေမှုတွေကို ရပ်ဆိုင်းလိုက်ပြီး မာတာဟာ မန်ယူအသင်းမှာသာ စာချုပ်ကုန်ချိန်အထိ ဆက်ရှိသွားမှာ ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မာတာဟာ အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မလွယ်ကူတော့ပေမယ့် မန်ယူအသင်းမှာ ရှိနေရတာကို ပျော်ရွှင်နေသူ ဖြစ်ပြီး သူ ချုပ်ဆိုထားတဲ့ စာချုပ်သစ်မှာလည်း ယခင်ကထက် လစာ လျော့ယူမှုတွေ လုပ်ထားကြောင်း မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။