မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟွမ်မာတာက သူတို့အသင်းအနေနဲ့ ဒီရာသီအတွင်း ပြိုင်ဘက်အသင်းတွေကို နောက်ကနေလိုက်စားရင်း Comeback နိုင်ပွဲ(၅)ပွဲအထိကို ရယူခဲ့ပြီး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတဲ့ ရမှတ်တွေကို အပြည့်အဝ စုဆောင်းနိုင်ခဲ့ပေမယ့် ဒီလိုအခြေအနေမျိုးတွေအတိုင်း အမြဲတမ်းစွမ်းဆောင်နိုင်မှာမဟုတ်လို့ Comeback နိုင်ပွဲတွေကို အဆုံးသတ်ကာ တစ်ပွဲလုံးနီးပါး အကောင်းဆုံးပုံစံနဲ့ ကစားနိုင်အောင် ကြိုးပမ်းသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : United in Focus

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဟွမ်မာတာဟာ ယူနိုက်တက်က ဝက်စ်ဟမ်းအသင်းကို (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း မာစီယဲလ်ရဲ့နေရာမှာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပြီး ရပ်စ်ဖိုဒ့်ရဲ့ တတိမြောက်သွင်းဂိုးကိုလည်း အကောင်းဆုံးပုံစံနဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာတာက အသင်းအနေနဲ့ ဒီလိုမျိုး နောက်ကနေလိုက်ကစားတာမျိုးက အန္တရာယ်များလွန်းပြီး တစ်ခါတစ်လေမှာလည်း Comeback မလုပ်နိုင်တော့တာတွေ ရှိလာနိုင်တဲ့အတွက် ပွဲချိန်ပြည့်ကို အာရုံစိုက်ပြီး အကောင်းဆုံးကစားသင့်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

မာတာက “ဒါတွေက အစီအစဉ်ကျထားတာမျိုး မဟုတ်ပါဘူး။ ဒါက ဘာကိုပြသနေလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ပွဲအစ ပထမပိုင်းမှာကတည်းက ကစားပုံ တိုးတတ်ကောင်းမွန်သင့်တယ်ဆိုတာကို ပြသနေတာပါပဲ။ နောက်ပြီးတော့ အသင်းအနေမဲ့ တစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးပြတ်လောက်နဲ့ ရှံးနိမ့်နေတဲ့ အချိန်မျိုးမှာတောင် ကျွန်တော်တို့ဘက်ကနေ Comeback နိုင်ပွဲတွေကို ဖန်တီးနိုင်တယ်ဆိုတာကိုလည်း ပြသလိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ အသင်းမှာက အရည်အသွေးမြင့် ကစားသမားတွေလည်း ရှိနေသလို အသင်းကလည်း ဂိုးတွေကို ပြန်သွင်းနိုင်လို့ပါပဲ။ ဒါပေမယ့်လည်း ဒါက အရမ်းအန္တရာယ်များတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒီလို Comeback မျိုးကို အမြဲတမ်းရရှိနေဖို့ဆိုတာက မဖြစ်နိုင်သလို တနေ့နေ့တချိန်ချိန်မှာလည်း လုံးဝ ပြန်မလာနိုင်လောက်တဲ့အထိကို ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ပထမပိုင်းအတွင်း ပြိုင်ဘက်အသင်းကို တစ်ဂိုးတည်းနဲ့ပဲ ရှံးနေခဲ့ရတာ ကံကောင်းမှုအနည်းငယ်ကြောင့်လည်း ပါပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က အခွင့်အရေးများစွာ လုပ်ဆောင်နိင်ခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့တယ်။ ဒါပေမယ့် သင်တို့အနေနဲ့ စောစောစီးစီးသာ သွင်းဂိုးခွင့်ပြုလိုက်မယ်ဆိုရင် ပွဲက ခက်ခဲသွားနိုင်ပြီး ပြန်လာနိုင်ဖို့ဆိုတာကလည်း အရမ်းခက်ခဲသွားနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။