ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဟွမ်မာတာဟာ အသင်းမှာ ဆက်နေရင် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မဖြစ်နိုင်တော့တာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် စပိန်ကွင်းလယ်လူ မာတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ လူငယ် ကစားသမားတွေ ၊ ကစားသမားသစ်တွေ အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကစားသမားပါ။

Photo Credit: 90 Min

မာတာဟာ ၂၀၁၄ခုနှစ်မှာ ချယ်လ်ဆီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၇နှစ်တာ ကာလ အတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၇၄ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မာတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရရှိထားပြီး လူချစ်လူခင် ပေါများသူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကို အသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ အလိုရှိနေကြပါတယ်။

Photo Credit: 90 Min

ဒါပေမယ့် မာတာကတော့ သူနဲ့ သက်တူရွယ်တူ ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား ၊ ဖာနန်ဒင်ဟိုတို့ ပုံမှန် ပွဲထွက်ခွင့်ရကာ ခြေစွမ်းပြနေတဲ့ အချိန်မှာ အရေးမပါတဲ့ ပွဲစဉ်တွေကိုသာ ကစားခွင့်ရတဲ့ အပေါ် မပျော်မရွှင် ဖြစ်နေပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းသစ် ရှာဖွေဖို့ သူ့ရဲ့ အေးဂျင့်ထံ အသိပေးထားကာ မန်ချက်စတာ ယူနိုက်တက်ကလည်း မာတာကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ လမ်းဖွင့်ပေးထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။