မနေ့ညက ကျင်းပသွားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းက ပြိုင်ဘက်ဘရိုက်တန်အသင်းကို တွမ်မီနေး မာတာ ပေါ့ဘာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ (၃)ဂိုးပြတ်နဲ့ကို အနိုင်ရသွားခဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်လူကြီး ဟွမ်မာတာကတော့ သူရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဒွန်နီဗန်ဒယ်ဘိခ်ကို ထက်မြက်လွန်းလှတဲ့ ကစားသမားတစ်ယောက်လို့ ချီးမွှမ်းပြောဆိုလိုက်ပါတယ်။

Photo Credit : ManUtdtimes

ဘရိုက်တန်နဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် Amex ကွင်းအတွင်းမှာပဲ ရင်ဆိုင်ထားခဲ့ရပြီး ယူနိုက်တက်က အငြင်းပွားဖွယ်ပင်နယ်တီနဲ့ အနိုင်ယူခဲ့တာဖြစ်ပေမယ့် ကာရာဘောင်းဖလားပွဲမှာ ပြန်လည်ဆုံတွေ့ချိန်မှာတော့ ယူနိုက်တက်က ဂိုးပြတ်နဲ့ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မာတာက ယူနိုက်တက်အတွက် ခြေစွမ်းပြခဲ့ပြီး သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ကာ ဒီသွင်းဂိုးကလည်း သူရဲ့ယူနိုက်တက်ကစားသမားဘဝ ဂိုး(၅၀)ပြည့်မြောက်တဲ့ အမှတ်တရသွင်းဂိုးလည်း ဖြစ်ခဲ့ရပါတယ်။

Photo Credit : Daily Mirror

ဒီလို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ဖို့အတွက် သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ကစားသမားသစ်လေး ဒွန်နီဗန်ဒယ်ဘိခ်ကိုလည်း မာတာက ချီးကျူးစကားဆိုလာခဲ့ပါသေးတယ်။ မာတာက “ဒါက အရမ်းကို သေသပ်ကောင်းမွန်းလှတဲ့ ဂိုးဖန်တီးမှုတစ်ခုပါ။ သူက တကယ့်ကို ထက်မြက်လွန်းလှတဲ့ ကစားသမားကောင်းတစ်ယောက်။ ကျွန်တော်သူနဲ့ တစ်သင်းတည်းမှာ တွဲဖက်ကစားနေရတာကို အရမ်းပျော်ရွှင်မိတယ်။ ဘာကြောင့်လဲဆိုတော့ သူက နေရာလွတ်တွေကို ရှာနိုင်တတ်လွန်းလို့။ ကျွန်တော်သဘောကျမိတဲ့ ဘောလုံးကစားနည်းပုံစံကိုလည်း သူက ကောင်းကောင်းနားလည်းထားတယ်။ 1-2 လေးတွေနဲ့ ချိတ်ဆက်ကစားမယ်။ ဘောလုံးပေးပို့ပြီး ရွှေ့လျားမယ်။ အဆုံးသတ်မှာ ဂိုးသွင်းမယ်။ အဲ့ဒီလိုပုံစံအတိုင်းပေါ့” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မာတာက တွမ်မီနေးရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း သွင်းဂိုးတစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့သလို ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကလည်း ဘရိုက်တန်ဘက်ကနေ ဂိုးရသွားလောက်မယ့် ကန်သွင်းမှု(၂)ကြိမ်ကို Save လုပ်နိုင်ခဲ့ပြီး သူရဲ့လက်စွမ်းကောင်းကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှ ဝင်ရောက်လာတဲ့ ပေါ့ဘာကလည်း ဖရီးကစ်ကနေ သွင်းဂိုးရယူခဲ့ပြီး ဒါဟာ ယူနိုက်တက်မှာ သူသွင်းယူခဲ့တဲ့ ပထမဆုံးသော ဖရီးကစ်သွင်းဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။