အင်္ဂလန်ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဖြစ်သူ မာတာ က မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် ကစားသမား လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေဟာ သူ့ကို စိုးရိမ်စေရတယ်လို့ ဝန်ခံ ပြောဆိုသွားပါတယ်။ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းနဲ့ သူနဲ့ကြားမှာ ရှိတဲ့ ကတိစကားကြောင့် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ အသင်းကသာ သူ့ကို ရောင်းချဖို့ မငြင်းဆန်ခဲ့ရင် လက်ရှိ အချိန်မှာ အခြား အသင်းတစ်သင်းထံ ပြောင်းရွှေ့သွားနိုင်ချေ ရှိတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ မက်ဆီကို စာချုပ်ဖျက်သိမ်းကြေး ကိစ္စနဲ့ ချုပ်ကိုင်ခဲ့ပြီး ရာသီကုန် အထိ နေစေခဲ့ပါတယ်။ မက်ဆီ အနေနဲ့ အသင်းမှာ ဆက်လက် ရှိနေသေးပေမယ့် သူ့ရဲ့ စိတ်ကတော့ ဘာစီလိုနာ မှာ ရှိမနေတော့ဘူးဆိုတဲ့ အချက်ဟာ သိသာလွန်းနေခဲ့ပါတယ်။ မက်ဆီ အနေနဲ့ အခုလို အသင်းကနေ ပြောင်းရွှေ့ချင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာ အပြီးမှာတော့ မက်ဆီကို ခေါ်ယူဖို့ ပထမဆုံး ကြိုးပမ်းခဲ့တဲ့ အသင်းကတော့ မန်ချက်စတာစီးတီး အသင်းပဲ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ပပ်ဂွာဒီယိုလာ ကိုယ်တိုင် ဘာစီလိုနာ ကို သွားရောက်ပြီး ညှိနှိုင်းမှုတွေ ရှိခဲ့တာ ကြောင့် ဘောလုံး ပရိသတ်အများစုက မက်ဆီ အနေနဲ့ မန်စီးတီး ကို ပြောင်းရွှေ့နိုင်ချေရှိ တယ်ဆိုပြီး ထင်ကြေး ပေးခဲ့ကြပါတယ်။ အဆိုပါအခြေအနေတွေကြောင့် မက်ဆီ တစ်ယောက် မန်ချက်စတာ စီးတီးအသင်းထံ ရောက်ရှိလာမှာကို မန်ယူ ကွင်းလယ် ကစားသမား မာတာ က စိုးရိမ်နေတာ ဖြစ်ပါတယ်။

Photo Credit: Marca

မာတာ အနေနဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူတွေက မက်ဆီဟာ နောက်ရာသီမှာ မန်စီးတီးဂျာစီကို ဝတ်ဆင်လိမ့်မယ် ဆိုပြီး သူ့ကို စာတွေပို့နေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ “ အဲ့ဒီလို ဖြစ်မလာပါစေနဲ့လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ အဲ့ဒီကို မပြောင်းရွှေ့ဖို့ အတွက် ကျွန်တော် မျှော်လင့်ပါတယ်။ အကယ်၍ သူသာ မန်ချက်စတာကို ပြောင်းရွှေ့လာခဲ့ရင် ကျွန်တော့်ရဲ့ အသင်းကိုပဲ ရောက်စေချင်ပါတယ်။ တစ်ခြားအသင်း (မန်စီးတီး) ကို မရောက်စေချင်ပါဘူး။ ကောလဟာလတွေကတော့ ရှိစမြဲပါပဲ။ ဥပမာဆိုရင် ခရစ္စတီယာနို ရိုနယ်ဒို အနေနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာမယ် ဆိုတာမျိုးပေါ့။ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ ကျွန်တော် နားလည်လိုက်တဲ့ အရာတစ်ခုက ခင်ဗျားအနေနဲ့ ခင်ဗျားလုပ်နိုင်တဲ့ အရာအပေါ်ကိုပဲ အာရုံစိုက်သင့်ပြီးတော့ ခင်ဗျားမလုပ်နိုင်တဲ့ အရာကို မေ့ပစ်ဖို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။