ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဝါရင့် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဟွမ်မာတာ ကတော့ အာရှ နာမည်ကြီး လိဂ်တစ်ခု ဖြစ်တဲ့ ဆော်ဒီလိဂ်ထံ သွားရောက် ကစားဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြ ထားကြပါတယ်။ အသက် ၃၂နှစ် အရွယ် စပိန် ကွင်းလယ် တိုက်စစ် ကစားသမား မာတာဟာ မန်ယူအသင်းထံ ၂၀၁၄ခုနှစ်ကတည်းက ရောက်ရှိနေသူ တစ်ဦး ဖြစ်ကာ မကြာသေးမီကမှ အသင်းနဲ့ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို ထားတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

မာတာဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်လို့ ရနိုင်တဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားပွဲစဉ် နှစ်ပွဲမှာ ပါဝင် ကစားထားကာ သွင်းဂိုး ၂ဂိုး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မာတာဟာ လက်ရှိရာသီမှာ မန်ယူအသင်းကို သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ဦးဆောင်မယ့် ကွင်းလယ်လူ အဖြစ် ပရိသတ်တွေရဲ့ ရှုမြင်ခြင်းကို ခံခဲ့ရပေမယ့် လက်ရှိမှာတော့ ပွဲထွက်ခွင့်ရဖို့ မရေရာတဲ့ အနေအထားကြောင့် ပွဲထွက်ခွင့် ရဖို့ ကျိန်းသေတဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်း မာတာနဲ့ နီးစပ်သူတွေက ယနေ့ မနက်မှာ ဖွင့်ဟ ပြောကြားထားပါတယ်။

Photo Credit: Express

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အမည်မဖော်လိုတဲ့ ဆော်ဒီအသင်း တစ်သင်းဟာ မာတာကို တစ်နှစ်လုပ်ခ ဒေါ်လာ ၁၅သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး မာတာကလည်း ဆော်ဒီလိဂ်မှာ သွားရောက် ကစားဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ မာတာရဲ့ ဖခင်ဖြစ်သူဟာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို ဦးဆောင်ကာ ပြုလုပ်နေသလို တစ်ဖက်မှာလည်း မန်ယူအသင်းအနေနဲ့ မာတာကို အသင်းကနေ အသာတကြည် ထွက်ခွာခွင့် ပြုမယ် လို့ ယုံကြည်နေပါတယ်။ ဥ​ရောပရဲ့ အပြောင်းအရွှေ့ ရာသီဟာ ပိတ်သိမ်းသွားပြီ ဖြစ်တာကြောင့် မာတာအနေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းချင်ပါက မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခြင်း (သို့) ဇန်နဝါရီလ ​ရောက်မှ အသင်းကနေ ထွက်ခွာခြင်း စတဲ့ နည်းလမ်း နှစ်ခုထဲက တစ်ခုနဲ့ မန်ယူအသင်းကနေ ထွက်ခွာနိုင်မှာပဲ ဖြစ်ပါတယ်။