မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား မာတာကတော့ ချဲလ်ဆီးအသင်းမှာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဟာဇက်ကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တယ်လို့ ချီးကျူးခဲ့ပြီး ရီးရဲလ်အသင်းမှာ သူ့ရဲ့ အဆင့်ကို ပြန်ပြနိုင်မယ်လို့ ပြောခဲ့ပါတယ်။ စပိန် ကွင်းလယ်လူ မာတာဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ဟာဇက်နဲ့ အတူ (၂) နှစ်ကြာ တွဲကစားခဲ့ပြီး မန်ယူအသင်းကို ပြောင်းသွားခဲ့သလို ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာဇက်ဟာလည်း ချဲလ်ဆီးအသင်းမှာ ကာလရှည် ကစားပြီးနောက် ရီးရဲလ်အသင်းကို ပြောင်းသွားလိုက်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဟာဇက်ဟာ ချဲလ်ဆီးအသင်းမှာ (၇) နှစ်ကြာ ကစားခဲ့ချိန်မှာ ချဲလ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား (၂) ကြိမ် နဲ့ ယူရိုပါလိဂ် ဆုဖလားတို့ကို ရရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီလို ဖြစ်လာမယ့် သူလို့တောင် တင်စားခံခဲ့ရပါတယ်။ တိုက်စစ်မှူး ဟာဇက်ဟာ ရီးရဲလ်အသင်းကို ရောက်သွားတဲ့ အချိန်မှာ ဒဏ်ရာ ပြဿနာ ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်ကလို ခြေစွမ်းမပြနိုင်ခဲ့တော့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရပေမဲ့လည်း သူ့ရဲ့ အသင်းဖော်ဟောင်း မာတာက ခြေစမ်းမှန် ပြန်လည် ရရှိလိမ့်မယ်လို့ အားပေးသွားပါတယ်။

Photo Credit: Goal

မန်ယူ ကွင်းလယ်လူ မာတာက “ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားကတော့ ကျွန်တော် တွဲကစားခဲ့ဖူးတဲ့၊ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ ဟာဇက်ပါ။ ကျွန်တော့်အတွက်က ဟာဇက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နှစ်များစွာ အကောင်းဆုံး ကစားသမား ဖြစ်နေခဲ့ပါတယ်။ သူက ပွဲစဉ်တစ်ပွဲကို သူ တစ်ဦးတည်းနဲ့ အနိုင်ရနိုင်ပါတယ်။ ကျွန်တော် သူနဲ့ အတူ လေ့ကျင့်ခန်း လုပ်လေ့ရှိတော့ သူ ဘယ်လို ကောင်းလဲ ဆိုတာကို ကျွန်တော် သိပါတယ်။ သူ ရီးရဲလ်အသင်းမှာ ဒဏ်ရာကြောင့် ကံဆိုးနေရပါတယ်။ ဒါပေမဲ့ သူ ဒဏ်ရာမရတော့တဲ့ အချိန် နဲ့ ပြန်ကြံခိုင်လာတဲ့ အချိန်မှာ သူ့ရဲ့ အဆင့်ကို သူ ပြန်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ မဟုတ်တဲ့ အခြား ကစားသမားကောင်းတွေလည်း အများကြီး ရှိပါတယ်”လို့ ဖွင့်ဟ ပြောကြားသွားပါတယ်။