ပူပူနွေးနွေး ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မေဆန်မောင့်ဟာ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာ ရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရဖွယ် ရှိကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မေဆန်မောင့်ဟာ ချယ်လ်ဆီးက ပါးမီးယပ်စ်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ပွဲကစားချိန် မိနစ် ၃၀ကျော်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားတာကြောင့် လူစားလဲခဲ့ရပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ် ပြီးဆုံးသွားချိန်မှာတော့ မေဆန်မောင့်ရဲ့ ခြေကျင်းဝတ်ကို ပတ်တီးတွေနဲ့ စည်းထားတာကို မြင်တွေ့ခဲ့ရပြီး ချယ်လ်ဆီးနဲ့ နီးစပ်သူတွေ ကတော့ မေဆန်မောင့်ရဲ့ ဒဏ်ရာက အတော်လေးကို နာကျင်မှုရှိကြောင်း သတင်းဌာနတွေကို ပြောကြားထားပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးရဲ့ အဓိက ကစားသမား တဦး အဖြစ် အသုံးတော်ခံထားပြီး ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်ပေးထားပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ မေဆန်မောင့်ရဲ့ ခြေကျင်းဝတ် ဒဏ်ရာကို အင်္ဂလန်နိုင်ငံဆီ ရောက်ရှိတာနဲ့ စစ်ဆေးဖို့ ပြင်ဆင်ထားပြီး မေဆန်မောင့်ဟာ အနည်းဆုံး ရက်သတ္တပတ် ၂ပတ် ဝန်းကျင် အနားယူရဖို့ ရှိနေကြောင်း သိရပါတယ်။

မေဆန်မောင့် မပါဝင်နိုင်တဲ့ အချိန်မှာ ဘယ်သူက ချယ်လ်ဆီးရဲ့ ကွင်းလယ်ကို ဦးဆောင်မယ်လို့ ထင်ကြလဲဗျ…?