ချယ်လ်ဆီးအသင်းကတော့ အခုနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်ခေါ်ယူမှုတွေကို ပေါင်သန်း(၂၃၀)လောက်အထိကို ပြုလုပ်ထားခဲ့ပြီး ဒီရက်ပိုင်းလေးအတွင်းမှာပဲ ဂျာမန်ကြယ်ပွင့်ကစားသမားလေး ကိုင်းလ်ဟားဗက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲဲ့ ခေါ်ယူအားဖြည့်ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဟားဗက်ဇ်ကို အသင်းရဲ့အဓိကပစ်မှတ်အဖြစ်နဲ့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အပြီးသတ်ခေါ်ယူနိုင်ပြီဖြစ်လို့ ချယ်လ်ဆီးအသင်းနဲ့ သက်ဆိုင်တဲ့သူတွေအားလုံး ဝမ်းမြောက်နေရပေမယ့် အဲ့ဒီထဲမှာ မေဆန်မောင့် မပါဝင်နိုင်ပဲ ဖြစ်နေပါတယ်။

Photo Credit : Daily Mail

အသက်(၂၁နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်ဟာ မနှစ်က ဘောလုံးရာသီကမှ ချယ်လ်ဆီးစီနီယာအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် စတင်ကစားခဲ့ရတာဖြစ်ပြီး သူရဲ့ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာပဲ ပွဲပေါင်း(၃၇)ပွဲအထိကို ပါဝင်ကစားခဲ့သလို ပြိုင်ပွဲစုံမှာလည်း ပွဲပေါင်း(၅၃)ပွဲအထိ ပါဝင်ကစားနိုင်ခဲ့ကာ (၈)ဂိုးသွင်းယူနိုင်ခဲ့ပြီး (၆)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ မေဆန်မောင့်ဟာ နည်းပြလမ်းပတ်စိတ်ကြိုက် ကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း အခုအသင်းကို ရောက်ရှိလာပြီဖြစ်တဲ့ သူနဲ့ ကစားတဲ့နေရာချင်းဆင်တူတဲ့ ဟားဗက်ဇ်ကြောင့် မေဆန်မောင့်ရဲ့ ပွဲအရေအတွက် နည်းပါးလာဖွယ် ရှိလို့နေပါတယ်။

Photo Credit : Daily Mail

လေဗာကူဆင်အသင်းကနေ ခေါ်ယူလိုက်တဲ့ ကိုင်းလ်ဟားဗက်ဇ်ဟာ ကွင်းလယ်နဲ့တိုက်စစ်နေရာအစုံမှာ ကစားတတ်သူဖြစ်ပေမယ့်လည်း ချယ်လ်ဆီးမှာတော့ ကွင်းလယ်တိုက်စစ်နေရာကိုသာ အဓိကထားပြီး ကစားသွားရဖို့ ရှိနေတဲ့အတွက် သူနဲ့ကစားတဲ့နေရာချင်းတူနေတဲ့ မေဆန်မောင့် နေရာပျောက်ဆုံးရဖွယ် ရှိနေပြီး ဒါကိုလည်း မေဆန်မောင့်ကိုယ်တိုင်ကပါ မပျော်မရွှင် ဖြစ်နေရတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ မေဆန်မောင့်က သူရဲ့နေရာအတွက် နောက်ထပ်ကစားသမားသစ်တစ်ယောက်ကို မခေါ်ယူစေချင်ခဲ့ပဲ သူ့ကိုသာ ယုံယုံကြည်ကြည်နဲ့ ဆက်လက်အသုံးပြုစေချင်ခဲ့တာဖြစ်ပေမယ့် သူဖြစ်ချင်သလို မဖြစ်လာခဲ့ပဲ အသင်းက ဟားဗက်ဇ်ကို အရခေါ်ယူခဲ့တဲ့အတွက် စိတ်ပျက်နေရတယ်လို့ သိရပါတယ်။ မေဆန်မောင့်ကိုယ်တိုင်ကလည်း အသင်းကို ရောက်ရှိလာခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားအတွက် ကြိုဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူနဲ့နေရာချင်းတူညီနေတဲ့ ကစားသမားသစ် ဟားဗက်ဇ်ကိုတော့ အခုအချိန်ထိ ကြိုဆိုတဲ့စကားတွေ ပြောဆိုရခြင်းမရှိသေးပဲ နှုတ်ဆိတ်လို့နေပါတယ်။ ဒါပေမယ့် မေဆန်မောင့်ကတော့ ချယ်လ်ဆီးကနေ ထွက်ခွာသွားဖို့တော့ ဆန္ဒမရှိပဲ သူရဲ့နေရာအတွက် ဟားဗက်ဇ်နဲ့အတူ အပြိုင်ကြိုးပမ်းသွားဖွယ်သာ ရှိလို့နေပါတယ်။