မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်သူ ကွင်းလယ်လူ မေဆန်မောင့်ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်တာကြောင့် ဒီနေ့ည ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် လိဂ်ဖလားပွဲစဉ်မှာပဲ ပြန်ကစားသွားနိုင်ဖွယ် ရှိနေပါတယ်။

ဒီနွေဈေးကွက်ကမှ ချယ်လ်ဆီးကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ အသင်းအတွက် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့ရင်း စပါးနဲ့ပွဲစဉ်မှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Times

အဲ့ဒီပွဲစဉ်အတွင်း ပေါင်ဒဏ်ရာ ရရှိသွားခဲ့တဲ့ မေဆန်မောင့်ဟာ တစ်လကျော်လောက်အထိ အနားယူခဲ့ရပြီး အသင်းရဲ့ အရေးကြီး ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ရပါတယ်။ အခုတော့ ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ မေဆန်မောင့်ဟာ ပဲလေ့စ်နဲ့ ခါရာဘောင်း လိဂ်ဖလားပွဲကို ဝင်ရောက် ဆင်နွဲသွားရဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပုံစံကောင်းတစ်ခုကို ရရှိဖို့ ရုန်းကန်နေရပြီး အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေဟာလည်း မျှော်လင့်ထားသလောက် ခြေစွမ်းမျိုးတွေ ပြသဖို့ ရုန်းကန်နေရတဲ့အပြင် ဒဏ်ရာတွေနဲ့ လုံးပန်းနေရပါတယ်။

Photo Credit : The Sun

လက်ရှိမှာတော့ ကွင်းလယ်ကစားသမားသစ် နှစ်ဦးဖြစ်တဲ့ အမ်မရာဘတ် နဲ့ မေဆန်မောင့်တို့က ဒဏ်ရာတွေကနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်လို့ ဒီနှစ်ဦးစလုံး ပဲလေ့စ်နဲ့ပွဲစဉ်ကို ပါဝင်သွားရနိုင်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၉)နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီကနေ့ ညမှာပဲ ပဲလေ့စ်အသင်းနဲ့ လိဂ်ဖလား တတိယအဆင့်ပွဲကို အိုးထရက်ဖို့ဒ်တွင် ကစားသွားရမှာဖြစ်ပြီး ဒီပွဲအပြီးမှာလည်း ပဲလေ့စ်နဲ့ပဲ ပရီးမီးယားလိဂ်ပွဲကို ဆက်လက် ကစားသွားရပါမယ်။