မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်က သူ့အနေနဲ့ ယူနိုက်တက်အသင်းအတွက် ဘယ်တော့မှ ပြန်ကစားခွင့် ရရှိတော့မှာ မဟုတ်တော့ဘူးလို့ သူရဲ့ အပေါင်းအသင်းတွေကို ဖွင့်ဟ ပြောဆိုထားခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Pulse Sports
အသက် (၂၁)နှစ်အရွယ် အင်္ဂလန် လူငယ် တိုက်စစ်ကစားသမားဟာ သူရဲ့အတူနေ ချစ်သူကို အကြမ်းဖက်မှုကြောင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမှုကနေ လွတ်မြောက်ခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ ဂရင်းဝုဒ်ကို အသင်းနဲ့ ပတ်သက်ခွင့် မပြုထားသေးပဲ အတွင်းပိုင်း စုံစမ်းမှုတွေ လုပ်ဆောင်လျက် ရှိနေသလို လက်ရှိအချိန်ထိ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတွေ မရှိသေးတဲ့အပေါ် ကစားသမားကိုယ်တိုင် စိတ်ပျက်လျက် ရှိနေပါတယ်။
Photo Credit : NY Breaking
ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂရင်းဝုဒ်က သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အပေါင်းအပါတွေကို ဖွင့်ဟထားကြောင်း “မေဆန်က သူ့အနေနဲ့ ယူနိုက်တက် ကစားသမားဘဝ အဆုံးသတ်သွားပြီလို့ ယုံကြည်နေပါတယ်။ သူက နေအိမ်မှာပဲ အချိန်ဖြုန်းနေရတာကို စိတ်မကောင်းဖြစ်နေသလို စိတ်ပျက်လက်ပျက်လည်း ဖြစ်နေပါတယ်။ သူ ဘောလုံးပြန်ကစားချင်နေပေမယ့် သူ့အခြေအနေက အရမ်း ရှုပ်ထွေးနေတယ် ဆိုတာကိုလည်း သူ နားလည်ထားပါတယ်။ သူ ဘောလုံး ပြန်ကစားရဖို့ကို စိတ်ပိုင်းဖြတ်ထားပေမယ့်လည်း ယူနိုက်တက် ဂျာစီကိုတော့ ဘယ်တော့မှ ထပ်ဝတ်ဆင်ရတော့မယ်လို့ မထင်ပါဘူး။” လို့ နီးစပ်တဲ့ source တစ်ခုကနေ သိရှိရပါတယ်။
Photo Credit : Extra.ie
ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းမှာ ပြန်လည် အသုံးပြုသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း ဂရင်းဝုဒ် အသင်းကို ပြန်လာဖို့က ထင်သလောက် မလွယ်ကူသေးသလို လက်ရှိ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်လာဖွယ် ရှိနေချိန် ယူနိုက်တက် အမျိုးသမီးအသင်း အောင်မြင်မှုတွေ အစပျိုး ရရှိနေချိန်မှာ မိန်းကလေးတစ်ဦးကို အကြမ်းဖက်ထားခဲ့တဲ့ ဂရင်းဝုဒ်အနေနဲ့ အသင်းဆီ ပြန်လာနိုင်ဖို့က အလွန် ခက်ခဲနေရပါတယ်။