MySport Myanmar

ဂရင်းဝုဒ်က စွဲချက်အားလုံးကနေ တရားသေ လွတ်မြောက်နိုင်တယ်လို့ သတင်းထွက်ပေါ်နေ

အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ သူရဲ့ရည်းစားဟောင်းကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားကျူးလွန်ထားခဲ့တယ်ဆိုပြီး စွပ်စွဲထားခံရပြီး ဖမ်းဆီးထိန်းသိမ်းထားခြင်းပါ ခံနေရပေမယ့် အခုတော့ ဂရင်းဝုဒ်ဟာ ကျူးလွန်မှုဆိုင်ရာ စွဲချက်အားလုံးကနေ ကင်းစင်လွတ်မြောက်သွားနိုင်တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ကြေညာသွားခဲ့တယ်လို့ ကောလဟာလ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Tech BD

အသက်(၂၀)အရွယ်ရှိ ဂရင်းဝုဒ်ဟာ သူနဲ့ ချစ်ကြိုက်နေတဲ့ အမျိုးသမီးတစ်ဦးအပေါ် စော်ကားခဲ့တယ်ဆိုပြီး ထိခိုက်ခံခဲ့ရသူ အမျိုးသမီးက လူမှုကွန်ယက်ပေါ်မှာ သူမဓါတ်ပုံတွေနဲ့ အသံဖိုင်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ ဖော်ပြသွားခဲ့ပါတယ်။ ဒါတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ယူနိုက်တက်အသင်းက ဂရင်းဝုဒ်ကို အသင်းကနေ ရပ်ဆိုင်းခဲ့သလို ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ဝင်တွေကလည်း အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဂရင်းဝုဒ်ကို ဖမ်းဆီးခဲ့ပါတယ်။

Photo Credit : ESPN

ဖေဖော်ဝါရီ (၁)ရက်နေ့မှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပြင် သတ်ပစ်မယ်လို့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့အတူ ဂရင်းဝုဒ်မှုကို ထပ်မံစွဲချက်တင်လာခဲ့ပြန်ပြီး အဲ့ဒီအချိန်မှာပဲ ကမ္ဘာကျော် အားကစားကုမ္မဏီကြီး Nike, Inc. က ဂရင်းဝုဒ်နဲ့ သူတို့ကြားက စာချုပ်ကိစ္စတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ဖေဖော်ဝါရီ (၂)ရက်နေ့မှာတော့ ဂရင်းဝုဒ်ကို နောက်ထပ် စုံစမ်းမှုတွေကို ဆိုင်းငံထားပေးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ စွဲချက်တွေအားလုံးမှာ ဂရင်းဝုဒ်က အပြစ်မရှိကြောင်း တွေ့ရှိထားသလို လာမယ့်တစ်ပတ်အတွင်းမှာပဲ စွဲချက်အားလုံးကနေ လွတ်မြောက်နိုင်တယ်လို့ ကောလဟာလတွေ ပေါ်လာခဲ့တဲ့အပြင် ဂရင်းဝုဒ်က တရားသေ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ တကယ်လို့သာ ဂရင်းဝုဒ်အနေနဲ့ ပြန်လည်လွတ်မြောက်လာမယ်ဆိုရင် ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာဖြစ်သလို နွေရာသီ pre season tour ကိုပါ လိုက်ပါသွားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version