MySport Myanmar

မေဆန် ဂရင်းဝုဒ်ဟာ ထူးခြားတဲ့ ကစားသမားလေးတစ်ဦးလို့ ဒီဇာဘီ ချီးမွှမ်း

မာဆေးလ်အသင်းနည်းပြ ရောဘတ်တို ဒီဇာဘီက ဒီရာသီ လီဂူးဝမ်း အဖွင့်ပွဲမှာ အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့တဲ့ မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမားသစ်လေး မေဆန် ဂရင်းဝုဒ်ဟာ ထူးခြားတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ချီးမွှမ်း ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်သာ ရှိသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ ဒီနွေမှာ ယူနိုက်တက်ကနေ မာဆေးလ်အသင်းဆီကို ယူရို (၂၆)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနှစ်ကလည်း လာလီဂါကလပ် ဂီတာဖေးအသင်းဆီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

Photo Credit : Goal

ဂရင်းဝုဒ်ဟာ ယူနိုက်တက်မှာ ရှိစဉ်တုန်းက အတူနေ ချစ်သူမိန်းကလေးအပေါ် ကိုယ်ထိလက်ရောက် ပြုမှုခဲ့တာတွေကြောင့် အမှုရင်ဆိုင်ခဲ့ရတာမို့ သူ့ကို အသင်းပရိသတ်တွေ အသင်းဝန်ထမ်းတွေက အသင်းမှာ ဆက်လက် မရှိစေချင်တော့တဲ့အတွက် အမှုကနေ ကွင်းလုံးကျွတ် လွတ်လာခဲ့သည့်တိုင် အသင်းမှာ ပွဲကစားခွင့် မပေးနိုင်တော့ပဲ အခုဆို အသင်းကနေပါ တစ်ခါတည်း ရောင်းထုတ်လိုက်ရပါတယ်။

ဂရင်းဝုဒ်က ဂီတာဖေးနဲ့အတူ လာလီဂါမှာ ကျင်လည်ခဲ့စဉ်တုန်းကလည်း ဂီတာဖေးရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သလို အခု မာဆေးလ်နဲ့ လီဂူးဝမ်းကို ကျင်လည်စဉ်မှာလည်း (၃)မိနစ်လေးနဲ့ သွင်းဂိုး စတင် သွင်းယူနိုင်ခဲ့သလို သူရဲ့အဖွင့်ပွဲစဉ်မှာပဲ သွင်းဂိုး (၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို ခြေစွမ်းပြသနေတဲ့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး နည်းပြ ဒီဇာဘီက “မေဆန် ဂရင်းဝုဒ်က ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ထူးချွန်ထက်မြက်တဲ့ ကစားသမား ဆိုတာကိုလည်း ခင်ဗျားတို့တွေ မြင်တွေ့နိုင်ပါတယ်။ သူ အသင်းအတွက် ဂိုးတွေ သွင်းယူတာကို မြင်တွေ့ရတာလို့ ဝမ်းသာမိပါတယ်။ ဒါမှ မီဒီယာတွေပေါ်က အငြင်းပွားဖွယ်ရာ အကြောင်းအရာတွေတိုင်း ပစ်မှတ်ထားခံနေရတာကို လျှော့ချလာနိုင်မှာ” လို့ ပြောဆိုလိုက်ပါတယ်။

ညာတောင်ပံကစားသမား ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီ ဂီတာဖေးအတွက် ကစားခဲ့စဉ်ကလည်း တစ်ရာသီတည်း ပြိုင်ပွဲစုံ (၃၆)ပွဲကစား (၁၀)ဂိုးသွင်း (၆)ဂိုးဖန်တီးနိုင်ခဲ့ပြီး အခုလည်း မာဆေးလ်အတွက် တစ်ပွဲတည်းသာ ကစားရချိန်မှာ (၂)ဂိုးသွင်းပြီး (၁)ဂိုး ဖန်တီးနိုင်ခဲ့သလို ဟက်ထရစ် သွင်းနိုင်ဖို့ပါ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။

Exit mobile version