MySport Myanmar

ဂရင်းဝုဒ်ကို အလိုက်ပေးပြီး ဂျာအို ဖီးလစ်ကို ကမ်းလှမ်းသွားမယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအို ဖီးလစ်ကို ခေါ်ယူသွားဖို့အတွက် အသက်လက်တီကိုအသင်း စိတ်ဝင်စားနေတဲ့ မေဆန် ဂရင်းဝုဒ်ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဂျာအို ဖီးလစ်ဟာ ဘင်ဖီကာကနေ အသက်လက်တီကိုအသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့သူ ဖြစ်ပေမယ့်လည်း အသက်လက်တီကိုကသာ လက်ဦးမှု ရယူပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဖီးလစ်က အသက်လက်တီကိုရဲ့ အားထားရတဲ့ ကစားသမား မဖြစ်လာခဲ့ပဲ ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတွေဆီ အငှားတွေနဲ့ပါ သွားရောက် ကစားခဲ့ရပါတယ်။

Photo Credit : Goal

ဂျာအို ဖီးလစ်က အသက်လက်တီကိုမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာထက် အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီ အပါအဝင် အသင်းဖော်တွေနဲ့ပါ ဆက်ဆံရေးပိုင်း သိပ်အဆင်မပြေသလို ဖြစ်နေရပြီး ဖီးလစ်ကိုလည်း အသင်းဘက်ကနေ လာမယ့်နွေမှာ အသင်းကနေ တစ်ခါတည်း အပြီးသတ် ရောင်းထုတ်သွားချင်နေပါတယ်။

အသက်လက်တီကိုက ဖီးလစ်ကို ရောင်းထုတ်ပြီးရင် တောင်ပံတိုက်စစ် နေရာအတွက် ဂီတာဖေးမှာ အငှားလာကစားရင်း တောက်ပခဲ့တဲ့ တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်နဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်ကနေ ဂီတာဖေးဆီ အငှားနဲ့ လာကစားတဲ့ ဂရင်းဝုဒ်က ဒီရာသီထဲမှာ ဂီတာဖေးအတွက် လာလီဂါ (၃၃)ပွဲကစားပြီး (၈)ဂိုးသွင်းယူကာ (၆)ဂိုးအထိ ဂိုးဖန်တီးပေးခဲ့ပါတယ်။

Photo Credit : Tribuna

ဒီအခြေအနေမှာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂျာအို ဖီးလစ်ကို အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက် အသင်းကနေ ရှင်းထုတ်ရဖို့ ရှိနေတဲ့ ဂရင်းဝုဒ်ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့ပါတယ်။ လက်ရှိ တန်ကြေးအရတော့ ဂျာအို ဖီးလစ်နဲ့ ဂရင်းဝုဒ်တို့ကြားမှာ ယူရို (၁၅)သန်းလောက်ပဲ ကွာခြားနေတယ် ဆိုပေမယ့် အသက်လက်တီကိုကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အမြောက်အများ အလိုရှိနေပါတယ်။

လက်ရှိမှာ ဂျာအို ဖီးလစ်ကို ဘာစီလိုနာအသင်းက အပြီးသတ် မခေါ်ယူနိုင်တောင် အငှားသက်တမ်း ထပ်တိုးမြှင့်ဖို့ ပြင်ဆင်နေသလို ဂရင်းဝုဒ်ကိုလည်း အသက်လက်တီကို အပါအဝင် ဒေါ့မွန် ဂျုဗင်တပ်စ်တို့ကပါ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ဒီကစားသမားနှစ်ယောက်ရဲ့ swap deal transfer က ဖြစ်လာနိုင်ခြေ နည်းနိုင်တယ် ဆိုပေမယ့်လည်း လာမယ့်နွေဈေးကွက်ထဲမှာတော့ စ်ိတ်ဝင်တစား စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့တစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။

Exit mobile version