မကြာသေးခင်ကမှ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်တွေ အသီးသီးရရှိလို့ထားတဲ့ လူငယ်ကြယ်ပွင့်လေးတွေဖြစ်သော ဖေးလ်ဖိုဒန်နဲ့ မေဆန်ဂရင်းဝုဒ်တို့နှစ်ဦးဟာ အိုက်စလန်နိုင်ငံက ဟိုတယ်တစ်ခုမှာ အသင်းသားတွေနဲ့အတူ တည်းခိုနေစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေ ချိုးဖောက်ပြီး ဟိုတယ်ကို အမျိုးသမီးလေးတွေ ခေါ်ဆောင်ခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံလိုက်ရကာ နောက်ဆက်တွဲပြစ်ဒဏ်အဖြစ် စုစုပေါင်း(၄)ပွဲလောက်အထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အိုက်စလန်ကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်တွေ ရရှိခဲ့ကြတဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေးနှစ်ယောက်ဖြစ်တဲ့ ဖိုဒန်နဲ့ဂရင်းဝုဒ်တို့နှစ်ယောက်ဟာ အိုက်စလန်နဲ့ပွဲအပြီး ဟိုတယ်မှာ အနားယူနေစဉ်အတွင်း အိုက်စလန်လူမျိုး အမျိုးသမီးနှစ်ဦးကို ဟိုတယ်ဆီ လာခဲ့ဖို့ ဆက်သွယ်ခဲ့ကာ ဟိုတယ်ကို အရောက်ခေါ်ဆောင်ခဲ့တာကြောင့် နိုင်ငံအတွင်း ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်ရာကျသလို အသင်းရဲ့စည်းကမ်းတွေကိုပါ ချိုးဖောက်မိခဲ့တဲ့အတွက် နှစ်ယောက်လုံးကို အသင်းကနေ ထုတ်ပယ်ပြီး အင်္ဂလန်နိုင်ငံဆီ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

Photo Credit : The Times

ဒီလို စည်းကမ်းချိုးဖောက်မိခဲ့တဲ့ ဖိုဒန်နဲ့ဂရင်းဝုဒ်တို့နှစ်ယောက်ဟာ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ဒိန်းမတ်အသင်းနဲ့ ပွဲစဉ်ကို သေချာပေါက်လွဲချော်ရတော့မှာဖြစ်တဲ့အပြင် နောက်ဆက်တွဲပြစ်ဒဏ်အဖြစ် ဝေးလ်စ် ဘယ်ဂျီယံ ဒိန်းမတ်တို့နဲ့ ပြန်လည်ကစားသွားရမယ့် Nations League ပွဲတွေမှာပါ ထပ်မံပွဲပယ်ခံရနိုင်တယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ဖိုဒန်နဲ့ဂရင်းဝုဒ်တို့နှစ်ယောက်ဟာ အိုက်စလန်နိုင်ငံအတွင်း ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကိုပါ ချိုးဖောက်မိခဲ့တဲ့အတွက် တစ်ယောက်ကို ပေါင်(၁၃၆၀)အထိပါ ဒဏ်ရိုက်ခံလိုက်ရပါတယ်။ ဟိုတယ်ကို လာရောက်ဖို့ ဖိတ်ခေါ်ခံရတဲ့ အမျိုးသမီးငယ်လေးတွေကတော့ ဖိုဒန်နဲ့ဂရင်းဝုဒ်တို့အကြောင်းကို ကောင်းကောင်းမသိသူတွေဖြစ်ပြီး ကမ္ဘာကျော် ဘောလုံးအသင်းတွေရဲ့လူငယ်ကြယ်ပွင့်ကစားသမားတွေဆိုတာကိုလည်း မသိခဲ့ဘူးလို့ MailOnline ရဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေဆိုထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဖိုဒန်နဲ့ဂရင်းဝုဒ်တို့ကို နှောင့်ယှက်သလို ဖြစ်မိသွားခဲ့တဲ့အတွက် အရမ်းကို စိတ်မကောင်းခဲ့မိကြောင်း သူတို့နှစ်ယောက်ကလည်း တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူတွေဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။