အင်္ဂလန် လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြတဲ့ ဂရင်းဝုဒ် နဲ့ ဖိုဒင်ဟာ လက်ရွေးစင် တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း ဟိုတယ်ကို အမျိုးသမီးတွေ ခေါ်လာပြီး ကိုရိုနာ ဗိုင်းရပ် ကန့်သတ်မှု စည်းမျဉ်း နဲ့ အက်ဖ်အေရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိပါတယ်။ မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ် နဲ့ မန်စီးတီး ကွင်းလယ်လူ ဖိုဒင်ဟာ သူတို့ရဲ့ တည်းခိုရာ ဟိုတယ်ကို အမျိုးသမီးတွေ ခေါ်လာခဲ့ကြတာ ဖြစ်ပြီး “Snapchat” ထဲမှာ သူတို့ ပြောသမျှ အားလုံး ပြင်ပကို ပေါက်ကြားပြီးနောက် အမျိုးသမီး ခေါ်လာတာလည်း ပေါက်ကြားခဲ့ပါတယ်။

Photo Credit: talkSPORT

ဖိုဒင် နဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ စနေနေ့က အိုက်စ်လန်အသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ကြတာ ဖြစ်ပြီး အင်္ဂလန် အသင်းဖော် စတာလင်ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် အိုက်စ်လန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ် နဲ့ ကွင်းလယ်လူ ဖိုဒင်ဟာ ဟိုတယ်ကို အမျိုးသမီးတွေ ခေါ်လာခဲ့တာကြောင့် ဘောလုံး အဖွဲ့ချုပ် (FA) က ထုတ်ပြန်သွားခဲ့တဲ့ လက်ရွေးစင်အသင်းတွေ အားလုံး မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထဲက အချို့ကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: talkSPORT

သူတို့နှစ်ဦးဟာ ဟိုတယ်ကို အမျိုးသမီးတွေ ခေါ်လာခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် ယနေ့၊ တနင်္လာနေ့က၊ ပြုလုပ်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့ကြပြီး လာမယ့်  ဒိန်းမတ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်ကိုပါ လွဲချော်နိုင်ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် စည်းမျဉ်းတွေ တင်းကျပ်တဲ့ အနေနဲ့ အသင်းရဲ့ ကစားသမားတွေကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့တောင် တွေ့ခွင့်ပေးထားတာ မဟုတ်ပေမယ့် ဂရင်းဝုဒ် နဲ့ ဖိုဒင်က သူတို့ရဲ့ ဟိုတယ်ကို အမျိုးသမီးငယ်တွေ ခေါ်လာခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေထဲက တစ်ဦးက “ကျွန်မတို့ ဒီအကြောင်းကို မပြောချင်ဘူး။ သူတို့ ဒုက္ခရောက်မှာ မလိုလားဘူး”လို့ အိုက်စလန်အခြေစိုက် DV သတင်းကို ပြောခဲ့ပြီး ဖိုဒင် နဲ့ ဂရင်းဝုဒ်တို့ဟာ စည်းမျဉ်းချိုးဖောက်မှုကြောင့် အရေးယူ ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သတင်း ထွက်နေပါတယ်။