ဟိုဆေးမော်ရင်ဟိုနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ စပါးအသင်းကို ဒီနှစ်ဘောလုံးရာသီအကုန်ထိ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်လို့နေတဲ့ ရိုင်ယန်မေဆင်က အသင်းရဲ့ အဓိကကြယ်ပွင့် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်ဆိုရင် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ပိုင်ဆိုင်ဖို့ မလိုအပ်ပဲ ကစားသမားကိုယ်တိုင်က အသင်းကို ချစ်မြတ်နိုးတာကြောင့် အသင်းမှာ ဆက်ရှိနေမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းဟာ စပါးအသင်းမှာ ဘောလုံးရာသီများစွာ ဖြတ်သန်းခဲ့ပြိီး အသင်းအတွက်လည်း သွင်းဂိုးပေါင်းများစွာကို သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းနဲ့ ဆုဖလားတွေ မရယူနိုင်တာကြောင့် လာမယ့်စျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် စပါးနည်းပြ မေဆင်ကတော့ ဟာရီကိန်းက အသင်းကနေ ထွက်ခွာဖို့ အလျင်အမြန် လုပ်ဆောင်လာမှာ မဟုတ်သလို သူ့ကို ဆက်ထိန်းနိုင်ဖို့အတွက် အသင်းအနေနဲ့ Top (4) ဝင်ခွင့်ရဖိုလည်း မလိုအပ်ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sport

ဟာရီကိန်းကို အသင်းမှာ ထိန်းထားဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုအပ်မလားလို့ မေဆင်ကို အားကစားရုပ်သံတစ်ခုကနေ မေးမြန်းလာရာ မေဆင်က “ကျွန်တော်ကတော့ အဲ့လိုမထင်မိပါဘူး။ ဟာရီကိန်းက ဒီဘောလုံးအသင်းကို ချစ်မြတ်နိုးတဲ့သူတစ်ဦးပါ။ ဒါကလည်း သူက လွန်ခဲ့တဲ့ (၇)နှစ်(၈)နှစ်လောက်ကတည်းက သက်သေပြခဲ့ပြီးသားပါ။ သူက ကမ္ဘာ့အဆင့်ရှိ အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ပါ။ ဒါကိုလည်း လူတိုင်းလည်း သိတယ်။ ကျွန်တော်တို့လည်း သိထားပြီးသားပါ။ ဟာရီကိန်းလည်း ကောင်းကောင်းသိထားမယ်လို့ ထင်ပါတယ်။ အခု အရေးကြီးဆုံး အာရုံစိုက်ရမယ့်အရာကတော့ ရှေ့လာမယ့်ပွဲစဉ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ကို မလေးမစား ယှဉ်ပြိုင်လို့မရသလို ကျွန်တော်တို့အားလုံးရဲ့ ခွန်အားတွေကိုလည်း ထုတ်ပြသွားရပါမယ်။ လက်ရှိမှာတော့ ကျွန်တော်ဒါပဲ ပြောနိုင်ပါမယ်။ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှု ဟာရီကိန်းရဲ့ အာရုံစိုက်မှု တစ်သင်းလုံးရဲ့အာရုံစိုက်မှုက တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကိုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းဟာ မနက်ဖြန်မှာတော့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။