ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ယာယီနည်းပြ ဖြစ်သူ မေဆန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၃ စပါး ပွဲစဉ်မှာ လီဗာပူးရဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ် ကစားသမား ဂျိုတာဟာ စပါး ကွင်းလယ်လူ စကစ်ရဲ့ ခေါင်းကို ကန်ခဲ့ပေမယ့် အနီကတ် မထိခဲ့တဲ့ အတွက် အံ့ဩ ဒေါသထွက်မိကြောင်း ပွဲပြီးဆုံးချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနဲ့ စပါးတို့က ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်နေရတဲ့ အသင်းတွေ ဖြစ်ကြပြီး ယမန်နေ့ညမှာတော့ လီဗာပူးနဲ့ စပါးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အဖြစ် လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Goal

နှစ်သင်းစလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ကို လိုချင်ကြတဲ့ အသင်းတွေ ဖြစ်တာကြောင့်ပဲ အနိုင်ရရှိရေး အတွက် လူစုံထုတ် ကစားခဲ့ကြပြီး အိမ်ရှင် လီဗာပူးက ပွဲချိန် ၁၅မိနစ်မှာတင် ကာတစ်ဂျုံးစ် ၊ ဒီယက်ဇ်နဲ့ ဆာလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။

၃-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် လီဗာပူးက စပါးကို အလွယ်တကူ အနိုင်ရရှိသွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ တပတ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၂ဂိုးပြတ် အရှုံးကနေ သရေရလဒ် ရအောင် ပြန်ကစားနိုင်ခဲ့တဲ့ စပါးရဲ့ ကစားသမားတွေက အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ လီဗာပူးကို ရေကုန်ရေခမ်း ကစားသွားခဲ့ပြီး ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလီဆန်တို့က စပါးအတွက် ချေပဂိုးတွေကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Liverpool Echo

စပါးရဲ့ နောက်ဆုံး ချေပဂိုးကို ရစ်ချာလီဆန်က ပွဲချိန် ၉၀+၃မိနစ်မှာ သွင်းယူပေးခဲ့တာကြောင့် လီဗာပူးနဲ့ စပါးတို့ ပွဲစဉ်က ၃-၃ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးတော့မယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် နောက်ဆုံးမိနစ် ၊ နောက်ဆုံးစက္ကန့်မှာ ဂျိုတာက လီဗာပူး အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးကာ စပါးကစားသမားတွေရဲ့ အသည်းကို ခွဲသွားခဲ့ပါတယ်။

နောက်ဆုံးမိနစ် သွင်းဂိုးကြောင့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရမှုဟာ စပါးအတွက် စိတ်ပျက်စရာ ကောင်းခဲ့သလို လီဗာပူး အတွက် အနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ ဂျိုတာဟာ ပွဲချိန် ၈၀မိနစ်မှာ စပါးကွင်းလယ်လူ စကစ်ရဲ့ ခေါင်းကို ကန်ခဲ့ပေမယ့် အနီကတ် ပြစ်ဒဏ်ကနေ သီသီလေး ကပ်လွတ်ခဲ့တာက စပါးအတွက် ပိုမို ခံရခက်စေခဲ့ပြီး စပါးရဲ့ ယာယီနည်းပြ မေဆန်ကတော့ ဂျိုတာကို ဘာကြောင့် အနီကတ် မပြခဲ့တာလဲလို့ ကွင်းလယ်ဒိုင်ကို မေးခွန်းထုတ် ဝေဖန်ခဲ့ပါတယ်။

မေဆန်က – “ကျွန်တော်က ဂျိုတာရဲ့ ဖြစ်ရပ်အတွက် ဖြေရှင်းချက် လိုချင်ပါတယ်။ ပြီးတော့ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း ပေးဖို့ လိုပါမယ်။ ကျွန်တော်က ကွင်းထဲမှာ ဒိုင်လူကြီးတွေ ကြုံတွေ့ခဲ့ရတဲ့ ဖိအားတွေကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခံစားချက်ကတော့ ကစားသမား တယောက်ဟာ ၅ပေခွဲလောက် အထိ ခြေထောက်ကို မြှောက်ပြီး ပြိုင်ဘက်ရဲ့ ခေါင်းကို ကန်လိုက်မယ် ဆိုရင် ဒါဟာ တိုက်ရိုက် အနီကတ်ပါပဲ။ ကွင်းရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီလို ပြစ်ဒဏ်မျိုး ကျူးလွန်ရင် အနီကတ် ပြကို ပြရပါမယ်။ ကျွန်တော်တို့က VARဒိုင်ဟာ ကွင်းလယ်ဒိုင်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် ကူညီနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် VARကလည်း ဒီဖြစ်ရပ်ကို အနီလို့ မသတ်မှတ်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့တွေ နစ်နာခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါက အရမ်းကို အရေးပါတဲ့ ဆုံးဖြတ်ချက်ပါ။ ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ ဆုံးဖြတ်ချက် အလွဲတွေ မလုပ်ဖို့ လိုအပ်ပါတယ်” လို့ ဒိုင်လူကြီးတွေကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။