အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ နာမည်ကျော် နောက်ခံလူဟောင်း တဦး ဖြစ်သူ မာရှေယာနိုက လက်ရှိ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုဖလား ဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပမယ့်အစား ၂နှစ် ၁ကြိမ်ကို ပြောင်းလဲ ကျင်းပသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံလက်ရွေးစင် အသင်းတွေ အားလုံး ခြေစစ်ပွဲ အဆင့်ဆင့် ကစားကာ နောက်ဆုံးမှာ ၃၂သင်းသာ ပါဝင် ယှဉ်ပြိုင်ခွင့် ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်ပြီး နိုင်ငံအသင်းတွေကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အစွမ်းကုန် ကြိုးစားလေ့ ရှိပါတယ်။

Photo Credit: Express

ကမ္ဘာ့ဘောလုံး ပြက္ခဒိန်အရ ကမ္ဘာ့ဖလားပြိုင်ပွဲ တခုနဲ့တခုကြားမှာ ယူရိုပြိုင်ပွဲ ၊ ကိုပါအမေရိကပြိုင်ပွဲ ၊ အာရှဖလားပြိုင်ပွဲ ၊ ကွန်ကာကပ်ဖ်ပြိုင်ပွဲ ၊ အာဖရိကန်ဖလားပြိုင်ပွဲ စသဖြင့် တိုက်ကြီးတွေ အလိုက် ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲတွေ ရှိပြီး မာရှေယာနို ကတော့ အဆိုပါ တိုက်အလိုက် ဖလားပြိုင်ပွဲတွေကို ကျင်းပတာထက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပတာက ပိုမို ကောင်းမွန်တယ်လို့ ယူဆနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပသင့်တယ် ဆိုတဲ့ အယူအဆကို စတင်ခဲ့သူ ကတော့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါး ဖြစ်ပြီး ယခုအခါမှာတော့ မာရှေယာနိုကပါ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂နှစ် ၁ကြိမ် ကျင်းပသင့်တယ်လို့ ထောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သတ်ပြီး မာရှေယာနိုက – “ကမ္ဘာကြီးက အရမ်းကို ပြောင်းလဲနေသလို တိုးတက်မှုတွေကလည်း လျင်မြန်လှပါတယ်။ ကျွန်တော်တို့တွေ အတိတ်တုန်းက ရှင်သန်ခဲ့ရတဲ့ နေထိုင်ပုံနဲ့ အခုခေတ်ရဲ့ အနေအထားက မတူညီတော့ပါဘူး။ ကျွန်တော်ကတော့ ကမ္ဘာပေါ်မှာ အလှပဆုံးပြိုင်ပွဲတခု ဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄နှစ် ၁ကြိမ် ကျင်းပနေတာဟာ အတော်လေးကို ရှည်ကြာလွန်းတယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။