MySport Myanmar

ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုလိုက်တဲ့ မာရှေယာနို

အင်တာ မိုင်ယာမီအသင်းဟာ ပေါ်တိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် အသင်းနည်းပြချုပ် ဟာဗီယာ မာရှေယာနိုက သူတို့အသင်းဟာ ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်လို့ စိတ်လှုပ်ရှားစွာ ပြောကြားလိုက်ပါတယ်။

ဒီနိုင်ပွဲဟာ အင်တာ မိုင်ယာမီအသင်းအတွက် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲဖြစ်သလို အမေရိကန်မေဂျာလိဂ် သမိုင်းတစ်လျှောက် ဥရောပအသင်းတစ်သင်းကို တရားဝင်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာဖြစ်လို့ သမိုင်းဝင်အောင်ပွဲတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit : Goal

ပွဲအစ ၈ မိနစ်မှာပဲ စပိန်ကစားသမား ဆာမူ အဂီဟိုဝါရဲ့ ပယ်နယ်တီဂိုးကြောင့် အင်တာ မိုင်ယာမီအသင်း အစောပိုင်းမှာ ဦးဆောင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အစောပိုင်းဂိုးပေးလိုက်ရပေမယ့် မာရှေယာနိုရဲ့ အသင်းသားတွေဟာ လုံးဝအရှုံးမပေးခဲ့ပါဘူး။

“ပထမဆုံးအနေနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးချင်ပါတယ်။ ရလဒ်အပြင် ဘောလုံးနဲ့ရော ဘောလုံးမရှိဘဲပါ သတ္တိရှိရှိကစားသွားတဲ့ သူတို့ကိုကြည့်ရတာ ဂုဏ်ယူမိပါတယ်။ အစီအစဉ်တစ်ခုရှိပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ ကစားရဲမယ်ဆိုရင် ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြခဲ့တာပါ။ အသင်းရဲ့ပုံစံအတိုင်း အခက်အခဲကို ကျော်လွှားနိုင်ခဲ့တာ တကယ်လေးစားဖို့ကောင်းပါတယ်။ “ဒါ့အပြင် ဒီနေ့ကို အသင်းအတွက် သမိုင်းဝင်နေ့တစ်နေ့” လို့လည်း သူက သုံးနှုန်းခဲ့ပါတယ်။

Photo Credit : Derek Katey Caesar

ဒီပွဲရဲ့ အဆုံးအဖြတ် အနိုင်ဂိုးကိုတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး လီယွန်နယ် မက်ဆီက ပွဲချိန် ၅၄ မိနစ်မှာ အလွန်လှပတဲ့ ဖရီးကစ်ကနေတစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မာရှေယာနိုက သူ့ရဲ့လက်ရွေးစင် အသင်းဖော်ဟောင်းကိုလည်း အခုလို ချီးကျူးခဲ့ပါတယ်။ “သူက ကျွန်တော်တို့ကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ ပြသပေးတဲ့ ကစားသမားပါ။ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် သူ့ရဲ့အနိုင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှုက ကျွန်တော်တို့ကို လမ်းပြပေးနေတာပါ။” လို့ ဆိုလိုက်ပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း အောင်ပွဲခံရာမှာ ပါဝင်ခဲ့ပြီး အသင်းရဲ့ကြိုးစားမှုကို ချီးကျူးခဲ့ပါတယ်။ “တကယ်ကို ပျော်စရာကောင်းပြီး အသင်းသားအားလုံးရဲ့ ကြိုးစားမှုပါ။ ကျွန်တော်တို့ ခံစစ်ပိုင်းတင်မဟုတ်ဘဲ ပထမပိုင်းနဲ့ ၁-၁ မဖြစ်ခင်အထိ ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်ခဲ့တယ်။ ပထမပွဲအပြီးမှာ ခံစားချက်မကောင်းခဲ့ရလို့ အခုနိုင်ပွဲအတွက် အရမ်းပျော်ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပြီး အခုချိန်မှာတော့ အောင်ပွဲခံရမှာပေါ့။” လို့ ဆိုခဲ့ပါတယ်။

Exit mobile version