MySport Myanmar

မက်ဆီက ခံစစ်မှာ ကစားရင်လည်း ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး ဖြစ်လာမယ်လို့ မာရှေယာနို ဆို

လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီက တကယ်လို့ ခံစစ်မှာသာ ကစားမယ်ဆိုရင်လည်း ကမ္ဘာ့အကောင်းဆုံး ခံစစ်ကစားသမားတွေထဲက တစ်ဦး ဖြစ်လာလိမ့်မယ်လို့ မက်ဆီရဲ့ အသင်းဖော်ဟောင်းကြီး ဂျာဗီယာ မာရှေယာနိုက သုံးသပ် ပြောဆိုလိုက်ပါတယ်။

အာဂျင်တီးနား ဝါရင့် တိုက်စစ်ကစားသမားကြီး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘာလွန်းဒေါဆုကို (၈)ကြိမ်အထိ ရယူထားနိုင်ခဲ့သလို ကစားသမားဘဝအတွင်းမှာလည်း အသင်းလိုက် ဆုဖလားပေါင်းများစွာနဲ့ ဘာလွန်းဒေါဆုလိုမျိုး တစ်ဦးချင်း ဆုအရေအတွက်ပေါင်း များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Forbes

သွင်းဂိုးပေါင်းများစွာ ဂိုးဖန်တီးမှုပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့တဲ့ မက်ဆီဟာ အခုထိလည်း အာဂျင်တီးနားနဲ့ အင်တာ မိုင်ယာမီအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်သလို တကယ်လို့ မက်ဆီအနေနဲ့ တိုက်စစ်မှာ မဟုတ်ပဲ ခံစစ်မှာ ကစားမယ်ဆိုရင်လည်း အကောင်းဆုံး ခံစစ်ကစားသမားတွေထဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ မာရှေယာနိုက အံ့အားသင့်ဖွယ် ပြောဆိုလိုက်ပါတယ်။

“မက်ဆီသာ ခံစစ်ကစားသမားတစ်ယောက် ဖြစ်နေမယ်ဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ယောက်တောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ကို ကျော်ဖြတ်သွားဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်တုန်းက တစ်ခါတစ်လေ လေ့ကျင့်ခန်း အစီအစဉ်မျိုးတွေထဲ တစ်ယောက်ချင်း ရင်ဆိုင်ရချိန်မှာ သူ့ကို ကျော်ဖြတ်ဖို့က ခက်ခဲပါတယ်။”

Photo Credit : Youtube

“ကျွန်တော်တို့တွေ သူနဲ့ ရင်ဆိုင်ရတိုင်း အခွင့်အရေး မရသလောက်ပါပဲ။ တစ်ခါတစ်ရံမှာဆိုရင် တိုက်စစ်ကစားသမားတွေနဲ့အနေနဲ့ ခံစစ်ကို ဘယ်လိုဆော့ရမလဲဆိုတာ သိထားရပါတယ်။ လီယိုကတော့ ခံစစ်ကစားတာ အရမ်းကောင်းလွန်းတယ်။ လျင်မြန်ဖျတ်လတ်လွန်းပြီးတော့ သူ့ကို လိမ်ခေါက် ကျော်ဖြတ်သွားဖို့ကလည်း မဖြစ်နိုင်သလောက်ပါပဲ။” လို့ မာရှေယာနိုက ပြောဆိုခဲ့ပါတယ်။

မက်ဆီနဲ့ မာရှေယာနိုတို့ဟာ ဘာစီလိုနာအသင်းမှာ (၈)နှစ်ကြာအထိ တွဲဖက်ကစားဖူးခဲ့ပြီး အာဂျင်တီးနားအသင်းမှာလည်း အသင်းဖော်တွေအဖြစ် လက်တွဲခဲ့ကြဖူးပါတယ်။ လက်ရှိမှာတော့ မာရှေယာနိုက အာဂျင်တီးနား လူငယ်အသင်းရဲ့ နည်းပြတစ်ဦးအဖြစ် ဆောင်ရွှက်နေပြီး မက်ဆီကတော့ ကစားသမားဘဝကိုသာ ဆက်လက် ဖြတ်သန်းနေပါတယ်။

Exit mobile version