ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ခံစစ်မှူး နေရာတွေမှာ ကစားခဲ့ဖူးတဲ့ မာရှေယာနို ကတော့ သူဟာ သူ့ရဲ့အသင်းဖော်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ နေမာကို ဘာစီလိုနာအသင်းမှာ ပြန်မြင်ရဖို့အတွက် မျှော်လင့်ထားတယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ နေမာနဲ့ မာရှေယာနိုဟာ နိုင်ငံ အသင်းမှာတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့ ကစားသမားတွေ ဖြစ်ကြပေမယ့် ဘာစီလိုနာ အသင်းမှာတော့ ဆုဖလားအများအပြားကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ကြသူတွေဖြစ်ပြီး သူတို့ရဲ့ အောင်မြင်မှုတွေထဲမှာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့တဲ့ အောင်မြင်မှုလဲ ပါဝင်ပါတယ်။ မာရှေယာနိုနဲ့ နေမာတို့ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို အတူတကွ ရရှိခဲ့သူတွေ ဖြစ်ပါတယ်။

Photo Credit: Tribuna.com

လက်ရှိအချိန်မှာ အာဂျင်တီးနားကလပ် အူစတူဒီယန်းတက်စ် အသင်းမှာ ကစားနေတဲ့ မာရှေယာနိုဟာ အာဂျင်တီးနားသတင်းဌာန တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ နေမာကို ဘာစီလိုနာအသင်းထံ ပြန်ရောက်စေချင်ကြောင်း ဖွင့်ဟသွားခဲ့ပြီး မက်ဆီ ၊ နေမာနဲ့ ဆွာရက်ဇ်တို့ရဲ့ သုံးဦးပေါင်းတိုက်စစ်အတွဲဟာ အရမ်းကို အံ့အားသင့်စရာကောင်းတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ နေမာကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပြီး ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းတွေကလည်း နေမာကို ဘာစီလိုနာအသင်းထံ ပြန်သွားဖို့ တိုက်တွန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit: Tribuna.com

မာရှေယာနိုကတော့ နေမာအနေနဲ့ ဘာစီလိုနာအသင်းကို ပြန်သင့်ပြီလို့ အကြံပြု ပြောဆို သွားခဲ့ပါတယ်။ မာရှေယာနိုက ” ဟိုတစ်နေ့ကကျွန်တော်ဟာ ဘာလင်မြို့ကပွဲကို ပြန်ကြည့် ဖြစ်တယ်ဗျ။(ဘာစီလိုနာအသင်းက ဂျူဗင်တပ် အသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားအား ရရှိခဲ့တဲ့ ပွဲစဉ်) အဲ့ဒီပွဲမှာ မက်ဆီ ၊ နေမာ ၊ ဆွာရက်ဇ်တို့ရဲ့ သုံးဦးတွဲတိုက်စစ်ဟာ အရမ်းကို ကောင်းခဲ့ပါတယ်။ သူတို့သုံးယောက်က တစ်နေရာစီမှာ ကစားနိုင်ကြပါတယ်။ ပြီးတော့ ဘောလုံးကို ထိန်းချုပ်ကစားတာရော ပြန်ပြီး ရရှိဖို့ လုပ်ဆောင်တာမှာပါ အရမ်းကို ညီညွတ်တယ်။ တည်ငြိမ်တဲ့ ကစားဟန်လည်း ရှိတယ်။ နေမာဟာ ဘာစီလိုနာအသင်းကို ပြန်သွားလိမ့်မယ် လို့ ကျွန်တော်က မျှော်လင့်ထားပါတယ်။ သူတို့ သုံးယောက်တွဲကစားရင် ပရိသတ်တွေလည်း ကျေနပ်ကြမှာပါ ” လို့ ဆိုသွားခဲ့တာပါ။