အင်တာမီလန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရိုမယ်လ်လူ လူကာကူ နဲ့ လော်တာရို မာတီနက်ဇ်တို့ အတွဲအဖက် မိမိ ကစားခဲ့ရင်း အသင်းနဲ့ နှစ်အတန်ကြာ အလှမ်းဝေးနေတဲ့ စီးရီးအေ အမှတ်ပေး ဆုဖလားကြီးကို ရယူပေးနိုင်ခဲ့တဲ့ အမှတ်တရေ နေ့ရက်တွေဟာ အခုတော့ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

လက်ရှိမှာ အင်တာမီလန်က သူတို့ရဲ့ ကစားသမားဟောင်း လူကာကူကို ချယ်လ်ဆီးကနေ အပြီးသတ် ခေါ်ယူသွားဖို့ ကြိုးပမ်းခြင်း မရှိတော့တဲ့အတွက် အင်တာ တိုက်စစ်မှာ မာတီနက်ဇ် နဲ့ လူကာကူတို့ အတွဲအဖက်ကိုလည်း ထပ်မံ မြင်တွေ့ရတော့မှာ မဟုတ်ပဲ အင်တာရဲ့ စီးရီးအေ ပြိုင်ဘက် ဘာစီလိုနာမှာပါ လူကာကူကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။

တကယ်တော့ အင်တာက လူကာကူကို အငှား ခေါ်ယူထားခဲ့ရာကနေ အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့သလို ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် အင်တာဘက်က လူကာကူကို လှမ်းဆက်သွယ်ချိန်မှာ လူကာကူကတော့ ဒီဆက်သွယ်မှုတွေကို လစ်လျူရှုခဲ့ပါတယ်။ ဒါ့အပြင် လူကာကူက ဂျုဗင်တပ်စ်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ခဲ့သေးတာကြောင့် နောက်ဆုံးမှာ အင်တာက လူကာကူကို အပြီးသတ် ခေါ်ယူဖို့ အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Twitter

လူကာကူကို ဆက်သွယ်ခဲ့တဲ့ အင်တာ ကစားသမားတွေထဲမှာ မာတီနက်ဇ်လည်း ပါဝင်နေပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မာတီနက်ဇ်က “ကျွန်တော် ရိုမယ်လ်လူကို စိတ်ပျက်မိခဲ့ပါတယ်။ အဲ့ဒါ အမှန်တရားပါပဲ။ မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော် သူ့ကို ဖုန်းခေါ်ခဲ့သေးပေမယ့် ကျွန်တော့်ဖုန်းကိုရော တခြား အသင်းဖော်တွေ ဆက်သွယ်တာကိုပါ သူ အကြောင်းမပြန်ခဲ့ဘူး။ ကျွန်တော် စိတ်ပျက်သွားရတယ်။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ ဒါက သူရဲ့ ရွေးချယ်မှုပဲလေ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အခုတော့ မာတီနက်ဇ်က အင်တာရဲ့ တိုက်စစ်မှာ လူကာကူ ဂျက်ကိုတို့နဲ့ တွဲဖက် ကစားရတော့မှာ မဟုတ်ပဲ မိုချန်ဂလာဘတ်ကနေ အသင်းကို ရောက်ရှိလာခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး မားကပ်စ် သူရမ်နဲ့အတူ တွဲဖက် သွားရတော့မှာပဲ ဖြစ်ပါတယ်။