၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားရဲ့ နံပါတ်တစ် ဂိုးသမား မာတီနက်ဇ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယ်သာလန်နဲ့ ကွာတားဖိုင်နယ်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူဟာ ပင်နယ်တီ မကန်ခင်ကတည်းက ပင်နယ်တီ ကန်ရရင် သူတို့အသင်း နိုင်မယ် ဆိုတာကို ကြိုသိနေခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်နဲ့ အာဂျင်တီးနားတို့က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး နှစ်သင်းစလုံးကြားမှာလည်း ဖြေရှင်းရမယ့် ရှုံးကြွေးတွေ ရှိနေတာကြောင့် ပွဲက အကြိတ်အနယ်ရှိတဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

နယ်သာလန် ၂-၂ အာဂျင်တီးနားပွဲမှာ အာဂျင်တီးနားက အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဦးဆောင်ဂိုး ၂ဂိုး အရင် ရခဲ့ပြီး အာဂျင်တီးနား အတွက် ဦးဆောင်ဂိုးတွေကို ပွဲချိန် ၃၅မိနစ်မှာ မိုလီနာနဲ့ ပွဲချိန် ၇၃မိနစ်မှာ မက်ဆီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ကာ နယ်သာလန်အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၈၃မိနစ်နဲ့ ၉၀+၁၁မိနစ်တို့မှာ လူစားဝင် တိုက်စစ်မှူး ဝက်ဂ်ဟော့က သွင်းယူပေးခဲ့တာပါ။

အာဂျင်တီးနားနဲ့ နယ်သာလန်တို့က သာမန် ပွဲကစားချိန် အတွင်းမှာ တဖက် ၂ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရာမှာလည်း သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရကာ ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အာဂျင်တီးနားက နံပါတ်တစ် ဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းကောင်းတွေကြောင့် ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်က ပင်နယ်တီ အဆုံးအဖြတ်သာ ခံယူရမယ် ဆိုရင် သူတို့အသင်းဟာ အနိုင်ရမယ့်အသင်း ဆိုတာကို ကြိုသိနေခဲ့ကြောင်း ဆိုလာပါတယ်။ မာတီနက်ဇ်က – “ကျွန်တော်က ဗန်ဟားလ် ပြောခဲ့တဲ့ စကားကို ကြားမိပါတယ်။ တကယ်လို့ ပင်နယ်တီ အဆုံးအဖြတ်သာ ခံယူရမယ် ဆိုရင် သူတို့က အနိုင်ရမယ် ဆိုတဲ့ စကားပေါ့။ ကျွန်တော် အခု ပြောချင်တာကတော့ သူ့အနေနဲ့ ပါးစပ်ပိတ်ပြီး တိတ်တိတ်လေး နေတာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ကလည်း ပင်နယ်တီမှာ ကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့က ပင်နယ်တီမှာ အခြေအနေ ကောင်းမယ် ဆိုတာ ကြိုသိခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။